MySport Myanmar

ဂျာရတ် ရှိနေတဲ့ အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဟန်ဒါဆန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က လီဗာပူး ဂန္တဝင် ကစားသမား ဂျာရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဟန်ဒါဆန်က ၂၀၁၁ခုနှစ်မှာ ဆန်းဒါးလန်း ကနေ လီဗာပူးဆီ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ လီဗာပူးအတွက် ၁၂နှစ်ကြာ အသုံးတော်ခံခဲ့သူပါ။

Photo Credit: Live Scores

ဟန်ဒါဆန်က လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၄၉၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၁ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ လိဂ်ဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၈လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟန်ဒါဆန်က အသက်အရွယ် ရလာပေမယ့် အခုချိန်အထိ ကြံ့ခိုင်မှုရော ၊ ခြေစွမ်းပိုင်းပါ ကောင်းမွန်နေဆဲ ဖြစ်သလို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းတို့ကြောင့်ပဲ မကြာသေးမီကမှ အယ် အတ်တီဖတ်ရဲ့ နည်းပြဖြစ်လာတဲ့ လီဗာပူး ဂန္တဝင် ဂျာရတ်က ဟန်ဒါဆန်ကို အယ် အတ်တီဖတ်ဆီ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဂျာရတ်က ဟန်ဒါဆန်ကို သူကိုယ်တိုင် ဆက်သွယ်ကာ အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးနေသလို အယ် အတ်တီဖတ်က ဟန်ဒါဆန်ကို လီဗာပူးမှာ ရနေတဲ့ လုပ်ခလစာထက် ၄ဆ ပိုများတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းထားပြီး ဟန်ဒါဆန်ဟာ များပြားလှတဲ့ လုပ်ခလစာကြောင့် အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့ဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဟန်ဒါဆန်က လီဗာပူးမှာ တပတ် လုပ်ခလစာ ပေါင် ၁၉၀၀၀၀ ဝန်းကျင် ရရှိနေသူ ဖြစ်တာကြောင့် အယ် အတ်တီဖတ်က သူ့ကို တပတ် လုပ်ခလစာ ပေါင် ၈သိန်း ဝန်းကျင်နဲ့ ကမ်းလှမ်းထားတယ်လို့ ယူဆရပြီး လီဗာပူးကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version