လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းကြီး ဂျော်ဒန် ဟန်ဒါဆန်ကတော့ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းကနေ ထွက်ခွာသွားဖို့ သဘောတူညီမှုပင် ရရှ်ိသွားခဲ့ပြီလို့ The Athletic ရဲ့ ထိပ်တန်း ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိုင်းက ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ဟန်ဒါဆန်က ပြီးခဲဲ့တဲ့ နွေရာသီကပဲ လီဗာပူးလ်ကနေ အသင်းဖော်ဟောင်းကြီး နည်းပြ စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖာအသင်းဆီကို ပေါင် (၁၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Actu Foot

ဟန်ဒါဆန်က အယ်လ်အစ်တီဖာရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို The Guardian လို ဗြိတိန် သတင်းဌာနတွေက ဖော်ပြချက်အရဆိုရင်လည်း ဟန်ဒါဆန်ရဲ့ တစ်ပတ်လုပ်ခက ပေါင် (၇၀၀၀၀၀)လောက်အထိ တနင့်တပိုးကြီး ရရှိနေပါတယ်။

ဟန်ဒါဆန်အနေနဲ့ အယ်လ်အစ်တီဖာအတွက် ပွဲတွေ တောက်လျှောက် ကစားခဲ့ရပြီး အသင်းခေါင်းဆောင် ရာထူးကိုပါ ရယူထားပေမယ့်လည်း အသင်းရဲ့ရလဒ်တွေကြောင့်နဲ့ ဆော်ဒီမှာ မပျော်ရွှင်တော့တာကြောင့် အသင်းကနေ ထွက်ခွာပြီး ဥရောပ ဘောလုံးနယ်ပယ်ဆီသာ ပြန်သွားချင်နေပါတယ်။

Photo Credit : talkSPORT

ဒါကြောင့် ဟန်ဒါဆန်က အယ်လ်အစ်တီဖာကနေ ထွက်ခွာရဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းလာပြီး သူ့ကိုလည်း နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်က ခေါ်ယူသွားဖို့ ကြိုးပမ်းနေရာ အခုတော့ ဆော်ဒီလိဂ် အမှတ်ပေးပွဲတွေ ပြန်လည် မစတင်ခင်မှာပဲ ဟန်ဒါဆန်က အယ်လ်အစ်တီဖာနဲ့ လမ်းခွဲဖို့ သဘောတူညီမှုတွေ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အွန်စတိုင်း ဖော်ပြထားတဲ့ သတင်းထဲမှာတော့ ဟန်ဒါဆန်က အဘူဒါဘီမှာ ဆောင်းရာသီ လေ့ကျင့်ခန်း အစီအစဉ် လုပ်နေတဲ့ အယ်လ်အစ်တီဖာအသင်းထံကနေ ဗြိတိန်နိုင်ငံဆီ ခရီးနှင်နေပြီး အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်သလို အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုလည်း မူအားနဲ့ သဘောတူညီမှု ရယူထားခဲ့ပြီ ဖြစ်ပါတယ်။