ယခုနှစ် ဘောလုံးရာသီ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း အတွက် အတော်လေး ကို ဆိုးရွားတဲ့ ရာသီတစ်ခုလို့ ဆိုရမှာပါ။ လီဗာပူးအသင်းဟာ မြက်ခင်းစိမ်းတွေ ပေါ်မှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိနေတာဟာ သူတို့အသင်းရဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းကို ထိခိုက် လာစေပါတယ်။ ယနေ့ မနက်မှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဟန်ဒါဆန်ဟာ ကြွက်သားဒဏ်ရာ တစ်ခု ရရှိခဲ့ကြောင်း အင်္ဂလန်အသင်းရဲ့ နည်းပြဖြစ်သူ ဆောက်ဂိတ်က ပွဲအပြီးမှာ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Metro

ဟန်ဒါဆန်ဟာ ဘယ်လ်ဂျီယံအသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် ပွဲထွက် ပါဝင် ကစားပေးခဲ့ပေမယ့် ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ စပါးအသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်နဲ့ လူစားလဲခဲ့ ရပါတယ်။ ဟန်ဒါဆန်ကို လူစားလဲခဲ့တဲ့ အချိန်မှာ အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယံ အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့် နေခဲ့တာကြောင့် ဟန်ဒါဆန်ကို လူစားလဲခဲ့တာဟာ နည်းစနစ်ပိုင်း ဆိုင်ရာ အပြောင်းအလဲကြောင့် လူစားလဲခဲ့တာလား ဆိုပြီး မေးခွန်း ထုတ်ခံရချိန် မှာတော့ ဆောက်ဂိတ်က ဟန်ဒါဆန်ဟာ အသေးစား ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် သူ့အနေနဲ့ အနားပေးခဲ့ ရတာပါ ဆိုပြီး ပြန်လည် ရှင်းပြ သွားခဲ့ပါတယ်။

Photo Credit: Metro

ဟန်ဒါဆန်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က “ဂျော်ဒန် (ဟန်ဒါဆန်) က ပထမပိုင်း ပြီးတဲ့ အချိန်မှာ ကြွက်သားတွေ အတော်လေးကို တင်းနေခဲ့ပါတယ်။ ပြီးတော့ သူက ပွဲကို ဆက်ပြီး မကစား နိုင်တော့ဘူးလို့လည်း ခံစားခဲ့ရပါတယ်။ အခုချိန်မှာတော့ ဆေးပညာအရ ကျွန်တော်ဟာ သူ့ရဲ့ ဒဏ်ရာ ကို မစစ်ဆေးနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အင်္ဂလန်ကို ပြန်ရောက်ရင်တော့ သူ့ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိမှာ အဓိက ကစားသမားတွေ လို့ ဆိုရမယ့် ဗန်ဒိုက် ၊ ဂိုးမက်စ် ၊ အာနိုးလ် ၊ ဖာဘင်ဟိုတို့ ဒဏ်ရာ ရရှိနေတာကြောင့် ဟန်ဒါဆန် တစ်‌ယောက် ထပ်ပြီး ဒဏ်ရာ ရရှိတာဟာ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်အတွက် ခေါင်းခဲစရာ ပြဿနာ တစ်ခုပါပဲ။