ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ဟန်ဒါဆန်ကတော့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာကို တာဝန်ယူ ကိုင်တွယ်နေတဲ့ စတီဗင် ဂျာရတ်ကို ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံဆုအတွက် သူတို့နဲ့အပြိုင် ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရအောင် ကစားပေးဖို့ ပူဆာသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလား ၂လုံး အထိ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်ကြပြီး သူတို့နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိတာကြောင့် ရာသီပိတ်ပွဲမှာ အမှားလုပ်မိတဲ့ အသင်းက ချန်ပီယံဆုနဲ့ လွဲချော်ဖို့ ရှိနေပါတယ်။

Photo Credit: Fot Mob

ရာသီပိတ်ပွဲမှာတော့ မန်ချက်စတာ စီးတီးက ဂျာရတ် ဦးဆောင်နေတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေသလို လီဗာပူးကလည်း နောက်ပိုင်းပွဲတွေမှာ ခြေစွာနေတဲ့ ဝုဗ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရမယ့် ဗီလာရဲ့ နည်းပြဟာ လီဗာပူး ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတီဗင် ဂျာရတ် ဖြစ်နေတာကြောင့် လီဗာပူးပရိသတ်တွေ အပါအဝင် လီဗာပူးနဲ့ နီးစပ်သူ အားလုံးက ရာသီပိတ်ပွဲမှာ ဂျာရတ်ရဲ့ ဗီလာက မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေကြပြီး လီဗာပူးရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဟန်ဒါဆန်ကလည်း မန်ချက်စတာ စီးတီးကို အနိုင် ကစားပေးဖို့ ဂျာရတ်ဆီ ဖုန်းဆက်ကာ တောင်းဆိုသွားမယ်လို့ ဆောက်သမ်တန်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Fot Mob

ဟန်ဒါဆန်က – “နောက်ကနေ လိုက်ကစားရတာက အတော်လေး ခက်ခဲပါတယ်။ ဒါကိုလည်း ကျွန်တော်တို့တွေ သိထားပြီးသားပါ။ ဖိအားများတဲ့ ပွဲတွေမှာ ဆိုရင် ပရိသတ်တွေက ကိုယ်ဘာလုပ်လုပ် အော်ဟစ်တတ်ကြပြီး ကစားသမားတွေကလည်း ပွဲထဲမှာ အာရုံစိုက်နိုင်ဖို့ ခက်ခဲကြပါတယ်။ ကျွန်တော်တို့ ကတော့ ရထားတဲ့ အတွေ့အကြုံတွေနဲ့ နောက်ဆုံးပွဲမှာ အကောင်းဆုံး အာရုံစိုက်နိုင်ဖို့နဲ့ လုပ်ဆောင်သင့်တဲ့ အရာကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဂျာရတ်ရဲ့ ဗီလာအနေနဲ့ မန်စီးတီးကို အနိုင်ယူပြီး ကျွန်တော်တို့ကို မျက်နှာသာပေးဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က ဂျာရတ်ဆီလည်း ဖုန်းဆက်ပြီး မန်စီးတီးကို အနိုင်ကစားပေးဖို့ ပူဆာသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။