ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားနဲ့သွားရောက် ကစားနေတဲ့ အသက် ၂၂နှစ်အရွယ် လူငယ် ဂိုးသမားလေး ဟန်ဒါဆန်ဟာ လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် အသုံးပြုဖို့အတွက် တောင်းဆိုခံနေရတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ဟန်ဒါဆန်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ရှက်ဖီးယူနိုက်တက်အသင်းအတွက် လက်စွမ်းကောင်းတွေ ပြသထားနိုင်သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂၄ပွဲ ပါဝင်ကစားထားရာမှာ ၉ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်သလို ပင်နယ်တီနှစ်လုံး ပေးခဲ့ရတဲ့အချိန်မှာ နှစ်လုံးစလုံးကို ကာကွယ်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

လက်ရှိမှာ အင်္ဂလန်ရဲ့နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ်ခံထားရတဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ဟာ အမှားအယွင်းတွေ များပြားနေခဲ့ပြီး မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သူ့ရဲ့ အမှားအယွင်းကနေတဆင့် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တိုက်စစ်မှူး ဘန်တီကီက ချေပဂိုး တစ်ဂိုးသွင်းယူခဲ့အပြီးမှာတော့ ဝေဖန်မှုတွေ ပ်ုမိုမြင့်တက်လာခဲ့ပါတယ်။

Photo Credit: Metro.com

အင်္ဂလန်အသင်းရဲ့ ပရိသတ်တွေကတော့ ဟန်ဒါဆန်ရဲ့ လက်စွမ်းတည်ငြိမ်မှုကို သဘောကျလျက်ရှိနေပြီး ဟန်ဒါဆန်ဟာ အနာဂတ်မှာ လီဗာပူးလ်ဂိုးသမား အယ်လီဆန်နဲ့ တူညီတဲ့ လက်စွမ်းရှိလိမ့်မယ်လို့လည်း သုံးသပ်နေကြပါတယ်။ လက်ရှိမှာတော့ ဟန်ဒါဆန်ကြောင့် နေရာပျောက်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာဟာ ပစ်ဖို့ဒ်တစ်ဦးတည်းမဟုတ်ပဲ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာလည်း ပါဝင်လျက် ရှိနေပါတယ်။