ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် တောင်ပံကစားသမားလေး ခရစ္စတီယန်ပူလီဆစ်ဟာ ဆယ်ကျော်သက် ကစားသမားအရွှယ်တုန်းက သူရဲ့အမေရိကန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဂျင်တီးနားအသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲမတိုင်ခင် ဆေးစစ်မှုတွေ ခံယူခဲ့စဉ်မှာလည်း သူလေးစားအားကျရတဲ့ မက်ဆီနဲ့ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးဖို့အတွက် တောင်းဆိုခဲ့သေးတယ်လို့ ပူလီဆစ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ အသက်(၁၇)နှစ်အရွှယ်မှာပဲ ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရသလို ပွဲမတိုင်ခင် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ချိန်မှာလည်း ပူလီဆစ်နဲ့ မက်ဆီတို့က ရှေ့နောက်စစ်ဆေးခံရတာဖြစ်လို့ မက်ဆီနဲ့ပါ အမှတ်တရအဖြစ် ဓါတ်ပုံရိုက်ကူးဖို့ တောင်းဆိုခဲ့သေးတယ်လို့ ပူလီဆစ်က ပြောဆိုလာခဲ့ပါတယ်။ မက်ဆီနဲ့ ဆုံတွေ့ခဲ့ရတဲ့ အမှတ်တရအကြောင်းတွေကို ပူလီဆစ်က “ကျွန်တော်တို့ အာဂျင်တီးနားအသင်းနဲ့ ကစားခဲ့တုန်းက အသင်းက ဂိုးပြတ်ရှုံးပွဲနဲ့ကို အတော်ခံရခက်ခဲ့ပါတယ်”

Photo Credit : Ruetir

“ကျွန်တော်တို့အသင်းက ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ကို အရေးနိမ့်နေရတာ။ လီယွန်နယ်မက်ဆီ ကစားတာကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော်ကတော့ ဒုတိယပိုင်းမှပဲ ဝင်ကစားရမယ်လို့ တွေးခဲ့မိတာ။ ဒါပေမယ့် မကစားခဲ့ရဘူး။ ကျွန်တော်တို့အသင်းလည်း (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တယ်။ မက်ဆီနဲ့ ကျွန်တော်တို့က Random ဆေးစစ်မှုမှာ အတူစစ်ဆေးခံခဲ့ရတယ်။ ကျွန်တော် အဲ့ဒီတုန်းက အသက်(၁၇)လောက်ပဲ ရှိဦးမယ်။ အဲ့ဒါနဲ့ စစ်ဆေးပေးတဲ့ ဆရာဝန်ကို ကျွန်တော့်ဖုန်းပေးပြီး မက်ဆီနဲ့အတူ ဓါတ်ပုံရိုက်ပေးဖို့ ပြောဆိုခဲ့တယ်။ ကျွန်တော်နဲ့ မက်ဆီက စကားတောင် ကောင်းကောင်းမပြောဖြစ်ပါဘူး။ ကျွန်တော် သူနဲ့ စကားပြောဖို့ စိတ်တွေအရမ်းလှုပ်ရှားလို့ မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ ဓါတ်ပုံရိုက်ချင်တယ်ဆိုတာကို အမှုအယာလေးနဲ့ ကျွန်တော် တောင်းဆိုခဲ့တယ်။ မက်ဆီက ခွင့်ပြုခဲ့ပါတယ်။ သူက ဘယ်အရာမှာပဲဖြစ်ဖြစ် တော်တော်လေးကို ဆက်ဆံရေးကောင်းတဲ့သူပါ” လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပူလီဆစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် အာဆင်နယ် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရသလို အမေရိကန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတချို့ကိုပါ လွဲချော်ထားခဲ့ရပါသေးတယ်။