MySport Myanmar

ကင်ဆာ ရောဂါသည်ကနေ အိုင်ဗရီကို့စ်ရဲ့ သူရဲကောင်းကြီး ဖြစ်လာခဲ့တဲ့ ဟယ်လာ

ဆီဘက်စတီယန် ဟယ်လာဆိုတာက သူရဲ့ ဘောလုံးသမားဘဝကို အနိမ့်အမြင့် အတက်အကျများစွာနဲ့ ဖြတ်သန်းခဲ့ရသူပါ။ အခုတော့ ဟယ်လာက အိုင်ဗရီကို့စ် တစ်နိုင်ငံလုံးရဲ့ သူရဲကောင်းကြီး တစ်ဦးပါ ဖြစ်လာခဲ့ရပါပြီ။

အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူး ဟယ်လာက ပြင်သစ်ဖခင် နဲ့ အိုင်ဗရီကို့စ်မိခင်တို့ကနေ မွေးဖွားခဲ့သူဖြစ်ပြီး ပြင်သစ် ယူ-၂၁အသင်းအတွက်သာ ပွဲပေါင်း (၂၀)အထိ ကစားခဲ့ပေမယ့်လည်း လက်ရွေးစင်အသင်း ရွေးချယ်ရာမှာတော့ အိုင်ဗရီကို့စ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ပြင်သစ်မှာ မွေးဖွားခဲ့သူဖြစ်လို့ ပြင်သစ်ကလပ် အော်ဇေးမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဟယ်လာက ၂၀၁၇မှာ ဖရန့်ဖတ်အသင်းဆီ ရောက်ရှိလာပြီး ဖရန့်ဖတ်နဲ့ ပိုကယ်ဖလား ပိုင်ဆိုင်ခဲ့သလို (၂)ရာသီအတွင်းမှာလည်း သွင်းဂိုး (၃၃)ဂိုးအထိတောင် သွင်းယူခဲ့ပါတယ်။

ဖရန့်ဖတ်ကနေ ဝက်စ်ဟမ်းကို ရောက်သွားချိန်မှာတော့ ဟယ်လာရဲ့ကစားသမားဘဝက တစ်ဆင့်နိမ့်သွားခဲ့ရပြီး (၁)ရာသီခွဲ ဖြတ်သန်းပြီးချိန်မှသာ အေဂျက်စ်ဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ အေဂျက်စ်မှာ ပြန်လည် တောက်ပခဲ့တဲ့ ဟယ်လာက ၂၀၂၂မှာ ဒေါ့မွန်နဲ့အတူ ဂျာမနီမြေဆီ ပြန်လည် ရောက်ရှိခဲ့ပြန်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒေါ့မွန်ဆီ ရောက်ရောက်ချင်းမှာပဲ ဟယ်လာက ဝှေးစေ့ကင်ဆာ ဝေဒနာ ခံစားနေရလို့ ခွဲစိတ်မှု (၂)ကြိမ် ခံယူခဲ့ရပြီး ဓာတုကုထုံး (၄)ကြိမ်ထိ ခံယူခဲ့ရပါတယ်။ ကုသမှုတွေ အောင်မြင်ခဲ့ပြီးတဲ့နောက် ၂၀၂၃ နှစ်စပိုင်းမှာ ဟယ်လာက ဘောလုံးပြန်ကစားနိုင်ပြီး ဒေါ့မွန်အတွက် (၉)ဂိုးအထိပင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

အခုတော့ ဟယ်လာက အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲနေရင်း ကွန်ဂိုအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့သလို နိုင်ဂျီးရီးယားနဲ့ ဖိုင်နယ်ပွဲမှာလည်း အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ အခုဆို ဟယ်လာက အိုင်ဗရီကို့စ်ရဲ့ Hero တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Exit mobile version