မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားလေး ဒွန်နီဗန်ဒယ်ဘိခ်ကို ပရီးမီးယားလိဂ်မှာ တစ်ကြိမ်တစ်ခါမှ ပွဲထွက်ကစားသမားအဖြစ်နဲ့ အသုံးပြုလာခြင်းမရှိသေးပေမယ့်လည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားရတဲ့အချိန်တိုင်းမှာ အသင်းအတွက် ကြိုးစားပမ်းစား ကစားပေးနိုင်တာကြောင့် သူ့ကို လာမယ့်ပွဲစဉ်တွေအတွင်းမှာ ပွဲကစားချိန်တွေ ပိုမိုပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဒီနှစ်နွေစျေးကွက်မှာပဲ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ လက်ရှိအချိန်ထိတော့ အသင်းအတွက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၅၉)မိနစ်အထိပဲ ပါဝင်ကစားထားရကာ ပွဲထွက်ကစားခွင့် တစ်ကြိမ်မှ မရထားခဲ့ပဲ ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း ပါဝင်ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်တဲ့ ဗန်ဒယ်ဘိခ်ကို နည်းပြဆိုးလ်ရှားက လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့် အခွင့်အရေးတွေကို ပေးအပ်သွားတော့မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Daily Mirror

ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “သူအနေနဲ့ ပွဲထွက်ကစားခွင့်တွေ ရရှိလာပါလိမ့်မယ်။ သူက အသင်းမှာ အရမ်းကို ထူးခြားပြောင်မြောက်တဲ့ ကစားသမားတစ်ောက်ပါ။ ဒါကိုလည်း သင်တို့အနေနဲ့ ဒီနေ့ပွဲစဉ်မှာ မြင်တွေ့နိုင်သလို လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ သူက ကစားပုံလည်း သန့်ရှင်းသလို အသင်းအဖွဲ့နဲ့လည်း အံ့ဝင်အောင် ကစားနိုင်တယ်။ သူဆီရောက်လာတဲ့ ဘောလုံးကို တစ်ကြိမ်မှတောင် မပျက်ခဲ့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါက အသင်းအတွက် ဟန်ချက်ညီမျှမှုကို ရှာဖွေရတဲ့အရာပါ။ သင်တို့အနေနဲ့ ကစားသမားတစ်ယောက်ကို ဘာကြောင့်အစကတည်းက ထုတ်မသုံးခဲ့ရတာလဲလို့ မေးမြန်းလာခဲပေမယ့်လည်း ကျွန်တော်တို့အသင်းက (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့တာပဲ။ ဒါပေမယ့် သူကတော့ အသင်းရဲ့နိုင်ပွဲအတွက် အတော်လေးကို သက်ရောက်မှုရှိစေခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၆)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ကာ သွင်းဂိုး(၁)ဂိုးသွင်းယူပြီး (၁)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒယ်ဘိခ်ဟာ ကာရာဘောင်းဖလားပွဲစဉ်တွေမှာသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ပွဲထွက်ကစားခွင့်မရသေးပဲ ဖြစ်နေပါတယ်။