မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးက ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခရစ္စတီယာနိုရော်နယ်လ်ဒို အက်ဒီဆင်ကာဗာနီတို့ထက် အသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေး မေဆင်ဂရင်းဝုဒ်ကိုသာ နေရာပိုပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး သူက အသင်းအတွက် သွင်းဂိုးတွေ ရယူနိုင်လိမ့်မယ်လို့ပါ မှတ်ချက်ပြုသွားခဲ့ပါတယ်။
Photo Credit : The Mirror
ယူနိုက်တက် အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ အလားအလာ အကောင်းဆုံး ကစားသမားလေး ဖြစ်ပေမယ့် ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း ပွဲကစားခွင့် နည်းပါးနေသလို ဝင်ရောက်ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို တစ်ကိုယ်ကောင်းဆန် ကစားမှုတွေပါ ရှိနေတာကြောင့် ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကွင်းလယ်လူဟောင်းကြီး ပေါလ်စခိုးက ဂရင်းဝုဒ်ဘက်ကနေ ထောက်ခံပြောဆိုလာခဲ့ပြီး ဒီကစားသမားလေးက အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို ကာဗာနီတို့ထက် အသင်းမှာ နေရာပိုရသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Photo Credit : Sky Sports
ပေါလ်စခိုးက “မေဆင်ဂရင်းဝုဒ်က တကယ့်ကို ထက်မြက်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီးတော့ အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အသင်းနည်းပြက သူ့ကို လူစာရင်းကနေ ဆက်ဖယ်ထားတယ်။ သူက အလွန် ငယ်ရွှယ်သေးတဲ့ ကစားသမား ဖြစ်နေတာကြောင့် သူ့ဘက်ကနေ တစ်ကိုယ်ကောင်းဆန်မှုတွေ အနည်းငယ် ရှိလာတယ်။ ပြိုင်ဘက် ကစားသမားတွေရဲ့ အလွယ်တကူ ပစ်မှတ်မျိုး ဖြစ်လာရတယ်။ ဒါပေမယ့် ဒီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ သူ ကစားခွင့်ရသင့်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ကာဗာနီတို့ကလည်း တကယ်ကို ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေ ဆိုပေမယ့် ယူနိုက်တက်ရဲ့ တိုက်စစ်မှာ အသက်(၃၇)နှစ် အသက်(၃၄)နှစ်အရွှယ် တိုက်စစ်မှူးကြီးတွေပဲ နေရာရနေခြင်းက ကလပ်အသင်းအနေနဲ့ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို ပြသနေသလိုပါပဲ။ ဂရင်းဝုဒ်အနေနဲ့ အခုရော နောင်အနာဂတ်မှာလည်း ကစားခွင့် ရရှိသင့်ပါတယ်။ အသင်းအတွက်ကိုလည်း သူ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်ဆိုတာကလည်း ဘာသံသယမှကို ဝင်စရာ မရှိပါဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။