မနေ့ညက ယှဉ်ပြိင်ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပေါ်တိုအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အတွင်းမှာ ရရှိသွားခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် မန်စီးတီးရဲ့ ဝါရင့်ကွင်းလယ်ခံစစ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မယ်လို့ မန်စီးတီးအသင်းရဲ့နည်းပြပတ်ဂွာဒီယိုလာက ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ မန်စီးတီးအတွက် ပါဝင်ကစားပေးခဲ့ရင်းနဲ့ (၈၄)မိနစ်လောက်မှာ ခြေထောက်ဒဏ်ရာ ခံစားရလာလို့ ပွဲကိုအဆုံးထိ ဆက်လက်မကစားနိုင်တော့ပဲ စပိန်ကွင်းလယ်ကစားသမား ရိုဒရီဂိုနဲ့ လူစားလဲခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိမှာ ဒီဘရိုင်း လာပေါ့တ် ဂျေဆူး အကီ မန်ဒီတို့လို ကစားသမားတွေကို ဒဏ်ရာပြသာနာတွေကြောင့် အနားပေးထားရတာဖြစ်ပြီး အခု ဖာနန်ဒင်ဟိုပါ အသင်းရဲ့ဒဏ်ရာစာရင်းထဲကို ပါဝင်သွားခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Sky Sports

ဖာနန်ဒင်ဟိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “တကယ့်ကို သတင်းဆိုးပါပဲ။ သူအချိန်တော်တော်ကြာကြာလောက် အနားယူရလိမ့်မယ်ထင်တယ်။ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့တာပါ။ အနည်းဆုံး(၄)ပတ်ကနေ အများဆုံး(၆)ပတ်လောက်အထိကို သူအနားယူရလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။ ဟုတ်တယ်။ ဒါက ကျွန်တော့်အတွက်တော့ အတော်လေးကို စိတ်ပျက်စရာပါပဲ။ ပွဲအများစုကို သူလွဲချော်ရတော့မယ်လေ။ သူ့နေရာအတွက်လည်း ကစားသမားက မရှိဘူး” လို့ စိတ်ပျက်စွာနဲ့ ညည်းညူပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ပေါ်တိုအသင်းရဲ့ စတင်ဦးဆောင်မှုကို ခံခဲ့ရတာဖြစ်ပေမယ့်လည်း တိုက်စစ်မှူးအဂူရိုက ပထမပိုင်းမှာပဲ ပင်နယ်တီကနေ ပြန်လည်ချေပနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဂန်ဒိုဂန်နဲ့ ဖယ်ရန်တောရက်စ်တို့က အသင်းအတွက် အနိုင်ဂိုးတွေကို ဆက်တိုက်သွင်းယူပေးရင်းနဲ့ (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၂)ပွဲဆက် နိုင်ပွဲပြန်တွေ့ထားတဲ့ မန်စီးတီးအသင်းဟာ လာမယ့်(၂၄)ရက်နေ့မှာတော့ လတ်တလောမှာ ခြေစွာလို့နေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ မာဆေးလ်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ကို ဆက်တိုက်ဆင်နွဲသွားရမှာဖြစ်ပါတယ်။