အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်စတာဂရမ်ပေါ်မှာ သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြသွားခဲ့ရာ ဒီဗီဒီဖိုင်ထဲမှာ အသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းလုပ်ပြီးကတည်းက ယူနိုက်တက်ကနေ ထွက်ခွာချင်ဖြစ်မိခဲ့တယ်လို့ ပြောဆိုလာခဲ့တဲ့အပေါ် အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ရေးပါလာက ဝေဖန်သွားခဲ့ပြီး ဆန်းချက်ဇ်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အားနည်းတဲ့သူလို့လည်း သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမားဆန်းချက်ဇ်ဟာ ၂၀၁၈ခုနှစ်တုန်းက အာဆင်နယ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းမှာ ဘယ်လိုမှခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် အင်တာမီလန်အသင်းဆီကို အငှားချခံခဲ့ရသလို အငှားစာချုပ်ပြည့်ချိန်မှာလည်း စာချုပ်ဖျက်သိမ်းပြီး အင်တာကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဆန်းချက်ဇ်က သူယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ဗီဒီယိုဖိုင်တစ်ခုနဲ့ ရှင်းလင်းပြောဆိုလာခဲ့ပေမယ့်လည်း အာဆင်နယ်ကစားသမားဟောင်းကြီး ရေးပါလာကတော့ ဆန်းချက်ဇ်ရဲ့ရှင်းလင်းမှုကို ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရေးပါလာက “အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာပဲ ဒီအသင်းကနေ ထွက်ခွာသွားချင်မိတယ်ဆိုတာကိုတော့ ကျွန်တော်ဘယ်လိုမှ မယုံနိုင်ဘူး။ နောက်ပြီးတော့ သူက လစာလည်းနည်းသွားတာလည်း မဟုတ်ဘူး။ တစ်ပတ်ကို ပေါင်(၅)သိန်းလောက် ရရှိနေတဲ့နေရာကနေ ချက်ချင်းကြီး ထွက်ခွာသွားချင်တာ ဖြစ်သင့်လို့လား။ အလုပ်ကိုပဲ ပိုကြိုးစားသင့်တာလေ။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ဒီနေ့လုပ်တယ် မနက်ဖြန်ကျ အသင်းကနေ ထွက်ခွာချင်စိတ်ဖြစ်တယ်ဆိုပြီး ဘယ်လိုတောင်ပြောထွက်နိုင်တာလဲ။ ဒါက မမှန်ကန်ဘူး။ ဒီလိုစိတ်နေစိတ်ထာမျိုးတွေက ဘောလုံးသမားတစ်ယောက်မှာ ရှိကိုမရှိသင့်တာ။ သူအနေနဲ့ ဒါက မန်ချက်စတာယူနိုက်တက်လေ ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးအသင်းပါ။ ဒီအသင်းမှာ နေရာတစ်ခုအောင် ကျွန်တော်တိုက်ပွဲဝင်ခဲ့တယ်။ အာဆင်နယ်မှာလိုမျိုး ခြေစွမ်းကောင်းတွေပြသနိုင်အောင် ကျွန်တော်ကြိုးပမ်းခဲ့တယ်လို့သာ ပြောသင့်တာ။ ဘောလုံးကစားပုံခြင်းတွေ ကွဲပြားကောင်းကွဲပြားနိုင်သလို သူနဲ့လည်း ဘယ်လိုမှ အံ့မဝင်နိုင်ပေမယ့် ကြိုးတော့ကြိုးစားနေရမှာပဲလေ။ ဒါတွေက သူမလုပ်ဆောင်နိုင်ခဲ့ပါဘူး” လို့ ဝေဖန်သွားခဲ့ပါတယ်။