ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂျရတ် ပီကေးက သူနဲ့ ယူနိုက်တက်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ဟာ သူ့အတွက်တော့ ဒုတိယမြောက် ဖခင်တစ်ဦးလို အရေးပါတဲ့ လူတစ်ဦးဖြစ်ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ်ပြီး လာမာစီယာ အကယ်ဒမီထွက် ကစားသမားလည်းဖြစ်တဲ့ နောက်ခံလူ ပီကေးဟာ ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုခင်မှာပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : The Mirror

၂၀၀၄ခုနှစ်ကနေ ၂၀၀၈အထိ ယူနိုက်တက်အသင်းအတွက် စုစုပေါင်း (၂၃)ပွဲ ပါဝင်ကစားခဲ့တဲ့ စပိန် နောက်ခံလူ ပီကေးဟာ ၂၀၀၈မှာတော့ သူရဲ့အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ရင်း ကမ္ဘာ့အကောင်းဆုံး ခံစစ်ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာပဲ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူခဲ့တဲ့ ပီကေးက အသင်းဟောင်း ယူနိုက်တက်နဲ့ သက်ဆိုင်တဲ့ အမှတ်တရအကြောင်းတွေကို ပြန်လည် ပြောဆိုရင်း သူရဲ့ဆရာသမားဟောင်း ဖာဂူဆန်အကြောင်းကို ထည့်သွင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

“ဘာစီလိုနာအသင်းနဲ့ ကွာခြားချက်ကတော့ မန်ယူနိုက်တက်အသင်းရဲ့ အကူးအပြောင်းကာလဟာ အချိန်အတော်ကြာအောင် ဖြစ်ပျက်နေတာကြောင့်ပါ။ ဆာအဲလက်စ် ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းက အနည်းဆုံး ပျောက်ဆုံးသွားခဲ့ရတယ်။ တဖြည်းဖြည်း သူတို့က ချန်ပီယံဆုကို ယှဉ်ပြိုင်ဖို့အတွက် အရာအားလုံးကို ပြန်လည် စုစည်းဖို့သာ ကြိုးစားနေရပါတယ်။”

“ဆာအဲလက်စ်က ကျွန်တော့်အတွက်တော့ ဒုတိယအဖေတစ်ဦးလိုပဲ။ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုချိန်မှာ ကျွန်တော်ရဲ့အိမ်မက်က ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းဖို့ ဖြစ်တဲ့အတွက် ကျွန်တော့်ကို လက်လွတ်လိုက်သင့်တယ်ဆိုပြီး သူ့ကို ပြောခဲ့ပါသေးတယ်။ သူက အဲ့ဒီအတွက် ပြောင်းရွှေ့ကြေးတောင် များများ တောင်းဆိုခြင်း မရှိပဲ ကျွန်တော်အထင် ပေါင်(၅)သန်းလောက်နဲ့ ကျွန်တော့်ကို ဘာစီလိုနာဆီ ပြန်ခွင့်ပေးခဲ့ပါတယ်။” လို့ ပီကေးက ပြောဆိုသွားခဲ့ပါတယ်။

https://www.youtube.com/watch?v=uKGOsP8MNz4