ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းအနေနဲ့ လတ်တလောမှာ သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေကြပေမယ့် သူကတော့ အသင်းကနေ ထွက်ခွာပြီး အခြားသော ကလပ်အသင်းတွေကို ပြောင်းရွှေ့ကစားဖို့ထက် သူရဲ့ဒေါ့မွန်အသင်းနဲ့သာ ဆုဖလားအောင်မြင်မှုတွေကို ရယူချင်နေဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ဟာလန်းရဲ့ဖခင်ဖြစ်သူကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ၂၀၂ဝခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၉)ပွဲအထိ ပါဝင်ကစားထားပြီးနောက် (၂၇)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း ရရှိခဲ့တဲ့ အကောင်းဆုံး အခွင့်အရေးတွေအပေါ် အသုံးချနိုင်မှုက ၆၂.၅%အထိ ရှိလို့နေတာကြောင့် ဂိုးသွင်းအများဆုံး ဖြစ်လို့နေတဲ့ ဘိုင်ယန်တိုက်စစ်ကစားသမား လီဝန်ဒေါစကီးထက်ပင် Big Chance Conversation Rate သာလွန်လျက်ရှိနေပါတယ်။

Photo Credit : Goal

ဒီလိုစွမ်းဆောင်ရည်တွေ ပြသနေတဲ့ ဟာလန်းကို ကလပ်အသင်းများစွာကနေ စိတ်ဝင်တစားရှိနေကြပေမယ့် ဟာလန်းကတော့ ဒေါ့မွန်မှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဟာလန်းရဲ့ဖခင်က ပြောဆိုလာခဲ့ပါတယ်။ “သင်အနေနဲ့ ကစားပုံအရမ်းကောင်းမွန်နေပြီဆိုတာနဲ့ သင်ရဲ့တံခါးကို အသင်းကြီးတွေ လာခေါက်မှာ သဘာဝပဲလေ။ ဒါပေမယ့် အခု ကျွန်တော်တို့က ကောလဟာလအကြောင်းတွေကို ပြောနေကြတာပါ။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ဟာလန်းရဲ့ခေါင်းထဲမှာ ကျွန်တော့်ခေါင်းထဲမှာ အခြားသော ကလပ်အသင်းတစ်သင်းသင်းက ဝင်ရောက်နေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒေါ့မွန်အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားဖြစ်သလို ဒေါ့မွန်ကလည်း ဟာလန်းအတွက် အလွန်ကို အသင့်တော်ဆုံး ကလပ်အသင်းပါပဲ။ ဒါကြောင့်မို့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာကိုမှ စဉ်းစားထားစရာ မလိုအပ်သေးပါဘူး။ အနာဂတ်နဲ့ပတ်သက်ရင်တော့ ဘာကိုမှ ကြိုမပြောနိုင်ပေမယ့် ဟာလန်းအနေနဲ့ကတော့ ဒေါ့မွန်အသင်းနဲ့ပဲ ဆုဖလားအောင်မြင်မှုတွေကို ရယူသွားဖို့ကိုပဲ ပစ်မှတ်ထားထားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကပဲ သူရဲ့အဓိကရည်မှန်းချက် ဖြစ်နေပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၁၁)ဂိုးသွင်းယူထားနိုင်ခဲ့ကာ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။