ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက သူတို့ကလပ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအတွင်းမှာ အထင်ကြီးစရာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ပီအက်စ်ဂျီ အသင်းသားတစ်ဦးအဖြစ် သူရဲ့အသင်းဖော် လီယွန်နယ်မက်ဆီကို ရွေးချယ်သွားခဲ့ပြီး မက်ဆီက သူထိတွေ့လိုက်တဲ့ အရာရာကို လွယ်ကူသွားစေခဲ့တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

Photo Credit : Sportskeeda

ဘာစီလိုနာအသင်းမှာကတည်းက တွဲဖက်ကစားခဲ့ဖူးကြတဲ့ နေမာနဲ့ မက်ဆီတို့နှစ်ယောက်ဟာ ဒီတစ်ကြိမ် ပီအက်စ်ဂျီအသင်းမှာပါ အသင်းဖော်တွေအဖြစ် ပြန်လည်ရေစက်ဆုံခဲ့ကြပြီး လက်ရှိ အသင်းရဲ့တိုက်စစ်မှာ ထပ်မံတွဲဖက် ကစားနေကြရသလို အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း အတူပူးပေါင်းကာ လေ့ကျင့်ခန်းဆင်းနေကြရတာ ဖြစ်ပါတယ်။ မက်ဆီ နေမာ ဘာပေတို့လို ကြယ်ပွင့်ကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လှပြီး ကစားသမားတွေအနေနဲ့ အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိနိုင်ရေးကြောင့် လေ့ကျင့်ရေးကွင်းမှာ သူမတူအောင် စွမ်းဆောင်ပြရတာ ဖြစ်ပါတယ်။

Photo Credit : Times of India

ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအတွင်းမှာ သူရဲ့အသင်းဖော် မက်ဆီက အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ပြီး အရာရာကို လွယ်ကူအောင် လုပ်ဆောင်နိုင်တတ်တယ်လို့လည်း နေမာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီနဲ့ပတ်သက်ပြီး နေမာက “မက်ဆီက အရာရာကို လှပအောင် လွယ်ကူအောင် လုပ်ဆောင်နိုင်တတ်ပါတယ်”လို့ Oh My Goal! နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ နေမာက ပီအက်စ်ဂျီအသင်းအတွက် ပြင်သစ်လီဂူးသွင်းဂိုး (၃)ဂိုးအထိ သွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ်မှာ သွင်းဂိုးမရထားသေးပေမယ့် သူရဲ့အသင်းဖော် မက်ဆီကတော့ ချန်ပီယံလိဂ်မှာသာ သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ပြီး လီဂူးသွင်းဂိုး ရရှိနိုင်ဖို့ကိုတော့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မက်ဆီဟာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၈)ပွဲအထိ ပါဝင်ကစားထားအပြီးမှာ သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဒီနေ့ည နန့်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် နန့်စ်အသင်းနဲ့ လီဂူးပွဲကိုလည်း ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။