လီဗာပူးလ်အသင်းရဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး ဒါကောက်ချ်က သူရဲ့အသင်းဖော်ဟောင်း စတီဗင်ဂျရတ်နဲ့ အလွန်ကို ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိထားတဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်အနေနဲ့ သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ရောက်ရှိလာနိုင်ပြီး ဂျရတ်ရဲ့ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sportskeeda
ဖီလစ်ပီကော်တင်ဟိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် အသင်းဖော်ဟောင်း ဆွာရက်ဇ်ကိုပါ ဗီလာအသင်းဆီ ခေါ်ဆောင်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဗီလာနည်းပြ ဂျရတ်ဟာ ဆွာရက်ဇ်နဲ့ လီဗာပူးလ်အသင်းမှာ အတူတွဲဖက် ကစားခဲ့စဉ်က တကယ့်ကို အချိတ်အဆက် ကောင်းခဲ့တဲ့ အသင်းဖော်တွေလည်း ဖြစ်သလို နှစ်ဦးကြားမှာလည်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့ လီဗာပူးလ် အသင်းသားဟောင်း ဒါကောက်ချ်က သူ့အမြင်ကို ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Good Words News
ဒါကောက်ချ်က “ဆွာရက်ဇ် ပြန်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမယ့် အရိုးသားဆုံး ပြောရရင်တော့ မသေချာပါဘူး။ ကျွန်တော် ထင်တာကတော့ သူ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့စဉ်တုန်းကလည်း ပရီးမီးယားလိဂ်ဆီကို ပြန်လာဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် စပိန်မှာပဲ ဆက်နေခဲ့တာက ဘာသာစကားနဲ့ပတ်သက်ပြီး စပိန်မှာက ပြောရဆိုရတာ ပိုသက်တောင့်သက်သာရှိလို့ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဂျရတ်ကို ချစ်ခင်တယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒါကြောင့်လည်း သူ ဂျရတ်နဲ့အတူတူ အလုပ်လုပ်ချင်တာလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ အသက်လက်တီကိုမက်ဒရစ်မှာ ပါဝင်ကစားနေတဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ် ဆောင်းစျေးကွက်အတွင်းမှာ အဂျက်စ်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် တစ်ရာသီပြီး တစ်ရာသီ သူရဲ့ သွင်းဂိုးစွမ်းရည်က မြင့်တတ်လာခဲ့ပြီး ဘာစီလိုနာကို မပြောင်းရွှေ့ခင် နောက်ဆုံးဘောလုံးရာသီမှာဆိုရင် သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးက (၃၁)ဂိုးထိကို ရှိခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသက်လက်တီကိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းနဲ့ လမ်းခွဲပြီး နောက်ထပ် အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် သူ့ကို ဂျရတ်က ဗီလာအသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။