မနေ့ညက ကျင်းပခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ ပထမပိုင်းပွဲကစားချိန်အတွင်း အင်္ဂလန်အသင်းရဲ့နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက သူရဲ့ကစားပုံကြမ်းတမ်းမှုတွေကြောင့် (၂)ဝါ(၁)နီနဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရလို့ အင်္ဂလန်အသင်းလည်း လက်ကျန်ပွဲကစားချိန် တစ်နာရီလောက်နီးပါးကို ကစားသမား(၁၀)ယောက်တည်းနဲ့ ဆက်လက်ရင်ဆိုင်ကစားခဲ့ရပြီး ပြိုင်ဘက်ဒိန်းမတ်ကိုလည်း အဲရစ်ဆင်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဖီဖာကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ်ခံထားရတဲ့ ဘယ်ဂျီယံအသင်းကို အနိုင်ယူထားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဟာ မနေ့ညက ပွဲစဉ်မှာတော့ ပွဲကစားချိန်(၃၁)မိနစ်အတွင်းမှာပဲ အသင်းရဲ့ အဓိကနောက်ခံလူဖြစ်တဲ့ မက်ဂွိုင်းယားက (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ကစားသမားတစ်ယောက်လျော့ခဲ့ကာ ကစားသမား(၁၀)ယောက်တည်းနဲ့ ပြိုင်ဘက်ဒိန်းမတ်အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားခဲ့ရရင်းနဲ့ ရလဒ်ကောင်းရယူဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယား အနီကတ်ပြ ထုတ်ပယ်ခံရချိန်မှာ နှစ်သိမ့်မှုတောင် မပြုလုပ်ခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကိုတော့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ရွိုင်းကိန်းကနေ ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရွိုင်ကိန်းက “ဆောက်ဂိတ်အနေနဲ့ သူရဲ့ကစားသမား မက်ဂွိုင်းယားက လက်ရှိအချိန်မှာ ကွင်းအတွင်းကွင်းအပြင်ကိစ္စတွေနဲ့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုတာကို သိထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အထုတ်ပယ်ခံရချိန်မှာ သူရဲ့ကျောကုန်းက လက်နဲ့ပုတ်ပေးလိုက်တာမျိုးနဲ့တင် သူ့အတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်က ဒါကိုပျက်ကွယ်ခဲ့တယ်။ လက်ရှိအချိန်မှာ မက်ဂွိုင်းယားရဲ့ တစ်ခုတည်းသော အားနည်းချက်က ယုံကြည်မှုကင်းမဲ့နေတာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရဖူးတယ်။ ဒါပေမယ့် အဲ့ချိန်တုန်းက ကျွန်တော် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့တယ်။ ဒါတွေက အသင်းရဲ့ အဝတ်လဲခန်းအတွင်း ဆက်ဆံရေးကောင်းတွေကြောင့်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့တောင် ကျွန်တော်ခံစားခဲ့မိတယ်။ ဒါပေမယ့် သူအနေနဲ့ကတော့ လက်ရှိအနေအထားတွေနဲ့ ဒီလိုတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက်လည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပရိသတ်တွေကလည်း သူ့ကို အသင်းခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်တဲ့သူလို့ ဝေဖန်ပြစ်တင်နေကြပါတယ်။