မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ရွိုင်ကိန်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားခံရတဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျက်ဂရီးလစ်ရှ်ရဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တဲ့အပြင် သူရဲ့အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပါ ခိုင်းနှိုင်းပြောဆိုမှုတွေပါ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : The Atheltic

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာအသင်းမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ထားသူဖြစ်သလို မနေ့ညက သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာပါ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ မနေ့ညကပွဲစဉ်မှာ လက်ရွေးစင်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရပြီး မိနစ်(၇၀)လောက်အထိကို ပါဝင်ကစားခဲ့ရသလို အထိုက်အလျောက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဂရီးလစ်ရှ်နဲ့ပတ်သက်ပြီး လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်နဲ့ ဆောင်ရွှက်လို့နေတဲ့ ဘောလုံးသမားဟောင်းကြီး ရွိုင်ကိန်းက “သူက တကယ့်ကို ကြယ်ပွင့်ကစားသမားတစ်ယောက်ပါ။ ပွဲအလှည့်အပြောင်းဖြစ်အောင်လည်း လုပ်ဆောင်နိုင်တဲ့ ကစားသမားမျိုးပါ။ သူရဲ့ကစားပုံက ရဲရဲရင့်ရင့်ရှိပြီးတော့ အလွန်ကို ကျပ်ညပ်နေတဲ့ နေရာမျိုးကနေတောင် ဘောလုံးကို ထုတ်ယူသွားတတ်တဲ့သူ။ ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒိုလို ပုံစံမျိုးပေါ့။ ခင်ဗျားတို့ အသင်းတွေအတွက်ဆိုရင် ဒီလို ကစားသမားမျိုးက လိုကိုလိုအပ်တယ်” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မိနစ်(၇၀)နီးပါးလောက် ပါဝင်ကစားခဲ့ပြီးနောက် လူစားလဲခံရပြီး အရန်ခုံမှာ ထိုင်နေချိန် ခြေထောက်ပေါ်မှာ ရေခဲကပ်ထားခဲ့ရတာနဲ့ပတ်သက်ပြီး ဂရီးလစ်ရှ်က “ဒါက ကျွန်တော် ဒဏ်ရာကနေ ပြန်လည်သက်သာလာကတည်းက မကြာခဏဆိုသလို လုပ်ဆောင်ဖြစ်နေတဲ့ ကိစ္စပါ။ ကျွန်တော်ရဲ့ ဒဏ်ရာအပေါ်မှာ သတိလေးထားနေဆဲမို့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေအပြီးမှာ ဒီလိုကိစ္စမျိုးကို လုပ်ဆောင်ဖြစ်နေရတာပါ။ ဒါက တော်တော်လေးကို ခက်ခဲခဲ့တယ်။ ဒဏ်ရာကြောင့် ကျွန်တော် (၃)လလောက်အထိ အနားယူခဲ့ရတယ်။ ပြန်လည်သက်သာလာချိန်မှာလည်း (၃)ပွဲလောက်ပဲ ပွဲထွက်ကစားခဲ့ရတယ်။ အချိန်တော့ ယူရပါမယ်။ ဒါပေမယ့် လက်ရွေးစင်အသင်းအတွက်ကိုတော့ ကျွန်တော် အဆင့်သင့် ဖြစ်နေပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။