မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဝက်ဘရွန်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အိမ်ရှင်အသင်းက နာမည်ကြီးအသင်း ချယ်လ်ဆီးဘက်ကို (၃)ဂိုးအထိ အပြတ်အသတ်ကို သွင်းယူခဲ့ပြီး အံ့အားသင့်စဖွယ်နဲ့ရလဒ် ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီလို သွင်းဂိုးတွေအများအပြား ခွင့်ပြုခဲ့ရခြင်းက ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံ အမှားအယွင်းတွေကြောင့်ဖြစ်သလို ဒီသွင်းဂိုးတွေကမှ ဒုတိယမြောက်သွင်းဂိုးဆိုရင်လည်း အသင်းရဲ့ ကစားသမားသစ် သီယာဂိုဆေးဗားရဲ့အမှားကနေတစ်ဆင့် ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ပွဲအတွင်း ဝက်ဘရွန်းအသင်းရဲ့တိုက်စစ်ကစားသမား ကော်လန်ရောဘတ်ဆန်ရဲ့ဒုတိယမြောက်သွင်းဂိုးဟာ သီယာဂိုဆေးဗားရဲ့ အမှားအယွင်းကနေတစ်ဆင့် ရရှိခဲ့တာဖြစ်ပြီး သူ့လို တကယ့်ဝါရင့်နောက်ခံလူတစ်ယောက်အတွက် မမှားသင့်တဲ့ အမှားတစ်ခုကနေ ခွင့်ပြုလိုက်ရတာဖြစ်လို့ အများတကာရဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပေမယ့်လည်း ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကတော့ သူရဲ့ကစားသမားဘက်ကနေ ရပ်တည်ခဲ့ကာ ကာကွယ်ပေးခဲ့ပါတယ်။

လမ်းပတ်က “သီယာဂိုဆေးဗားက ကျွန်တော်တို့အသင်းအတွက် အံ့မခန်းကောင်းမွန်မှုတွေကို ဖြစ်လာစေမယ့်သူပါ။ သူက သူရဲ့ကစားသမားဘဝကိုလည်း အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းခဲ့သူတစ်ယောက်ပဲလေ။ ဒါကြောင့် သူ့ကို ကျွန်တော်အပြစ်မြင်မိမှာ မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ လွဲချော်မှုတွေအကြောင်းကိုပဲ ပြောနိုင်တယ်။ အသင်းရဲ့ပထမပိုင်းရလဒ်ကြောင့် သီယာဂိုကျွန်တော်တို့ အပြစ်တင်လို့မရပါဘူး။ သူ့အနေနဲ့ ဒီအခြေအနေကနေ အကောင်းဆုံးပြန်ထလာနိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။ နောက်ပြီး ဒါက သူရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်နေတာကြောင့် ဒီအမှားက အပြစ်တင်လို့မရနိုင်ဘူး။ သူသာ ကြံခိုင်ရေးအပိုင်းမှာ ပိုကောင်းလာခဲ့မယ် ပရီးမီးယားလိဂ်နဲ့ အသားကျလာခဲ့မယ်ဆိုရင်တော့ အသင်းအတွက် အကောင်းဆုံးအရာတွေကို သယ်ဆောင်ပေးလာနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်း ကစားသမားအများအပြားကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် တကယ်လိုအပ်နေတဲ့ နေရာဖြစ်တဲ့ ခံစစ်ပိုင်းအတွက် အသက်(၃၆)နှစ်ရှိနေပြီဖြစ်တဲ့ သီယာဂိုဆေးဗားနဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်တို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် (၃)ပွဲအထိ ကစားထားပြီးနောက်မှာ ခံစစ်က ပွဲတိုင်းဂိုးပေးထားရသလို ပေးဂိုးပေါင်း(၆)ဂိုးထိ ရှိလို့နေပါတယ်။