မနေ့ညက ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက် အသင်း နဲ့ မန်ချက်စတာစီးတီး အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ အကြိတ်အနယ် ရှိရှိ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ၂ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ် နဲ့ မန်ချက်စတာစီးတီး အသင်းက အနိုင်ရရှိသွားကာ ကာရာဘောင်းဖလား ဗိုလ်လုပွဲစဉ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ကာရာဘောင်းဖလားကို ၃ ကြိမ်ဆက် တိုက်ရရှိထားတဲ့ မန်ချက်စတာစီးတီး အသင်းဟာ ၄ ကြိမ်မြောက်ဆက်တိုက် ရရှိဖို့ အတွက် နည်းပြ ဟိုဆေး မော်ရင်ဟို ရဲ့ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ဝင်ဘာလေကွင်းမှာ ရင်ဆိုင် ကစားသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

 

မန်ချက်စတာစီးတီး အသင်းအတွက် အဖွင့်သွင်းဂိုး ကိုတော့ ပွဲကစားချိန် ၅၀ မိနစ် အရောက်မှာ အသင်းရဲ့ ဗဟိုခံစစ် ကစားသမား ဖြစ်သူ ဂျွန်စတုန်းက စတင် သွင်းယူပေးခဲ့တာ ဖြစ်ကာ အနိုင်ရလဒ် သေချာစေမယ့် သွင်းဂိုးကိုတော့ ၈၃ မိနစ်အရောက်မှာ အသင်းရဲ့ ဝါရင့် ကွင်းလယ် ခံစစ် ကစားသမား ဖာနန်ဒင်ဟို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီး အသင်းရဲ့ အဖွင့်ဂိုးရှင် ဂျွန်စတုန်းကတော့ သူ့ရဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဂုဏ်ယူမိကြောင်း ပွဲအပြီးမှာ သတင်းထောက်တွေ ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ ပထမဆုံး အနေနဲ့ ကောလင်းဘဲလ် နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို ကျွန်တော်တို့အားလုံး ထပ်တူ ဝမ်းနည်းပူဆွေးကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ကစားခဲ့တဲ့ ပုံစံဟာ သူ့ကို ဂုဏ်ပြုတယ်လို့ ကျွန်တော်တော့ ထင်ပါတယ် ”

Photo Credit: Sky Sports

“ ကျွန်တော်တို့ အားလုံး အတွက် ကောင်းတဲ့ အခိုက်အချိန် ဖြစ်ခဲ့ပြီးတော့ သူလည်း ကျွန်တော်တို့ကို ကောင်းကင်ဘုံကနေ လှမ်းကြည့်နေမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် အခြားထိပ်တန်း အသင်းတစ်သင်းကို အနိုင်ရလိုက်တာဟာ အလွန်ကို ကောင်းတဲ့ အခါသမယ ပါပဲ။ ပပ်ဂွာဒီယိုလာက ‘ တူညီတဲ့ နောက်တစ်ကြိမ်၊ တူညီတဲ့ စိတ်ဓာတ်၊ အရာအားလုံး တူညီတယ် ’ လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပြီးတော့ နောက်ဆုံးမိန စ်အပိုင်းအခြားတွေမှာ ပိုပြီးတော့ လက်တွေ့ကျအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်၊ အတော်လေးကောင်းတဲ့ အခွင့်အရေးတွေပါ၊ ဂိုးဧရိယာထဲရောက်အောင် ‌အကောင်းဆုံး တိုက်စစ်ဆင်နိုင်ခဲ့တယ်၊ ပြီးတော့ နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုပြီးအောင် လုပ်နိုင်ခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူ့ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး စတုန်းက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်‌ ဘောလုံးရဲ့ အနောက်ကို လိုက်ဖို့ကြိုးစားခဲ့ရုံပါပဲ။ သူတို့က အမြင့်ဘောတွေကို အပီ ချုပ်ကိုင်ထားကြတာပါ၊ အဲ့ဒီလို အနေအထားနဲ့ ဂိုးရခဲ့တာတော့ ကောင်းတာပေါ့။ ကျွန်တော် အကောင်းဆုံး ကြိုးစားကစားခဲ့ပါတယ်၊ ပွဲစဉ်တွေကို ကျွန်တော် ကစားနိုင်သလောက် ကစားဖို့ အတွက် ကြိုးစားနေပါတယ်။ ကျွန်တော် အသင်းအပေါ် အရာအားလုံး ပေးဆပ်ပြီးတော့ ကျွန်တော် ဘာလုပ်နိုင်တယ်၊ ဘာတွေ တိုးတက်နေသလဲ ဆိုတာ ကိုယ့်ကိုယ်ကို ရှာဖွေသွားအုန်းမှာပါ။ ကျွန်တော် ရှင်သန်နေရတာဟာ ဒီလို ပွဲကြီးပွဲကောင်းတွေ အတွက် ဖြစ်ပြီးတော့ ကျွန်တော် အကောင်းဆုံး ဆက်ကစားချင်ပါတယ် ” လို့‌ ပြောဆိုခဲ့ပါတယ်။