MySport Myanmar

အနာဂတ် မရေရာတော့တဲ့ နေမာကို ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာစေချင်တဲ့ ဆေးလ်ဗား

ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးလ်ဗားက သူနဲ့ ဘရာဇီးလ်အသင်းမှာရော အသင်းဟောင်း ပီအက်စ်ဂျီမှာပါ တွဲဖက်ကစားခဲ့ဖူးတဲ့ နေမာဟာ လက်ရှိမှာ အနာဂတ် မရေမရာ ဖြစ်နေရသလို ပီအက်စ်ဂျီနဲ့လည်း လမ်းခွဲရဖွယ် ရှိနေတာကြောင့် တကယ်လို့ ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်မယ်ဆိုရင် နေမာအနေနဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bein Sports

ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ သူရဲ့ အနာဂတ် အခြေအနေက မတည်မငြိမ် ဖြစ်နေရပြီး ပီအက်စ်ဂျီဘက်ကလည်း အခုနှစ် နွေဈေးကွက်အတွင်းမှာ သူတို့ကစားသမားအတွက် ကမ်းလှမ်းလာမှုတွေကိုပါ နားစွင့်သွားမယ်လို့ သိရပါတယ်။ နေမာလို လုပ်ခလစာများတဲ့ စူပါစတား ဘောလုံးသမားမျိုးကို ခေါ်ယူနိုင်မယ့် အသင်းအရေအတွက်က အနည်းငယ်လေးသာ ရှိနေရပြီး ဒီအသင်းတွေထဲမှာ နေမာရဲ့ အရင်းနှီးဆုံးသော အသင်းဖော် သီယာဂိုဆေးလ်ဗားရဲ့ ချယ်လ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။

Photo Credit : The Sun

ဆေးလ်ဗားနဲ့ နေမာတို့ဟာ လက်ရွေးစင် အသင်းဖော်တွေဖြစ်ကြသလို ပီအက်စ်ဂျီအသင်းမှာလည်း တွဲဖက်ကစားဖူးကြပြီး အသင်းဖော် ဆက်ဆံရေးထက် ပိုမိုတဲ့ ညီအစ်ကို ဆက်ဆံရေးလိုပါ ရှိနေကြသူတွေ ဖြစ်ပါတယ်။ လတ်တလောမှာ နေမာရဲ့ အနာဂတ်က လှုပ်ခတ်နေခဲ့ရတဲ့အပေါ် ဆေးလ်ဗားက “သူ ချယ်လ်ဆီးအသင်းကို သွားရမယ်။ တကယ်လို့ သူ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်ဆိုရင် ချယ်လ်ဆီးကို ပြောင်းရွှေ့ရပါမယ်။ တကယ်လို့ ဒီဟာသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ မျှော်လင့်ချက်တွေက အကောင်းဆုံးတစ်ခု ဖြစ်လာနိုင်တယ်။ နေမာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ငါတို့တွေ ပြောနေဖို့တောင် မလိုပါဘူး။ အဲ့ဒါတွေအပြင် သူက ငါ့အတွက်ဆိုရင် တကယ့်ကို သူငယ်ချင်းကောင်းကြီးပါ။ ဒီသတင်းတွေက တစ်ခုခု ဖြစ်လာမယ့်အစား အခုပြောသလိုသာ ဖြစ်လာဖို့ကိုပဲ မျှော်လင့်တယ်။ ဒါပေမယ့်လည်း နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ ငါဘာမှမသိနေပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေအတွက် ငွေကြေးပေါင်းများစွာနဲ့ သက်တမ်းတိုးခဲ့ပြီးနောက်ပိုင်းမှာ နေမာကို ပြန်လည်ရောင်းချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပေမယ့်လည်း နေမာကိုယ်တိုင်ကတော့ အသင်းပြောင်းရွှေ့ခြင်း မပြုလုပ်သွားချင်ပဲ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့အထိ အသင်းမှာသာ ဆက်လက်ရှိနေချင်တယ်လို့ သိရှိရပါတယ်။

Exit mobile version