မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ကနေ ဝက်စ်ဟမ်းအသင်းဆီမှာ ရာသီကုန်အထိ အငှားနဲ့သွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ အခုအချိန်မှာ ယုံကြည်မှုတွေ ပြန်လည်ရရှိလို့နေပြီး လတ်တလောမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လို့နေတယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ရပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာတော့ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားကာ အသင်းကို ဥရောပဝင်ခွင့်ရအောင် ကြိုးပမ်းပေးလျက် ရှိနေပါတယ်။

Photo Credit : Vbet News

 

ဒီလို ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်တဲ့ အသင်းဖော်ဟောင်း လင်ဂတ်နဲ့ပတ်သက်ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က “သင်အနေနဲ့ ဂျက်ဆီကို အခုကြည့်မယ်ရင် ဂျက်ဆီရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲကို ကြည့်ထားမိတယ်ဆိုရင် သူက တကယ့်ကို ထိပ်တန်းအဆင့်ရှိ ကစားသမားတစ်ယောက်လို့ ထင်မိမှာပါ။ ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင် ဂျက်ဆီရဲ့ နောက်ဆုံးကစားထားတဲ့ ပွဲ(၁၀)ပွဲကို ကြည့်ထားမယ်ဆိုရင် သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလို့ ယူဆနိုင်ပါလိမ့်မယ်။ ပွဲတိုင်းမှာ ဂိုးလည်းသွင်းနိုင်တယ်။ ဂိုးဖန်တီးမှုလည်း လုပ်ဆောင်နိုင်တယ်။ ဒီမှာရှိနေကြတဲ့ လူတိုင်းက ဂျက်ဆီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အရမ်းကို ဝမ်းသာနေကြပါတယ်။ သူရဲဲ့ယုံကြည်မှုတွေကို ပြန်လည်ရရှိခဲ့ပါပြီ။ သူရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်ပြီ။ သူရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်တို့အတွက် အလွန်ဝမ်းမြောက်နေရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကိုပါ ဝင်ရောက်ဆင်နွဲခွင့်ရဖို့လည်း အခြေအနေကောင်းလျက် ရှိနေသလို ဝက်စ်ဟမ်းအသင်းကလည်း သူ့ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။