ရိုးမားအသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ့် နာမည်ကျော်နည်းပြကြီး ဟိုဆေးမော်ရင်ဟိုက သူရဲ့တပည့်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ တကယ့်ကို ထိပ်တန်းအဆင့်ရှိ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ လေ့ကျင့်ခန်းတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ကြံခိုင်ရေးအပိုင်းတွေမှာ အားနည်းနေရတတ်ပြီး ဟာဇက်အနေနဲ့ လေ့ကျင့်ခန်းကိုသာ အကောင်းဆုံး လုပ်ဆောင်မယ်ဆိုရင် ပိုပြီးကောင်းတဲ့ ကစားသမားဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BeSoccer

ပေါ်တူဂီလူမျိုး နည်းပြမော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက ဘယ်ဂျီယံကြယ်ပွင့် တိုက်စစ်ကစားသမားဟာဇက်နဲ့ တစ်သင်းတည်းမှာ လက်တွဲလုပ်ကိုင်ခဲ့ရတာဖြစ်ပြီး သူရဲ့တပည့်ဟောင်း ဟာဇက်က တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုပေမယ့် အသင်းရဲ့ လေ့ကျင့်ခန်းတွေကိုတော့ သေချာမလုပ်ဆောင်နိုင်ဘူးလို့ မော်ရင်ဟိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟာဇက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဟာဇက်က တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားဆိုပေမယ့် လေ့ကျင့်ခန်းတွေကိုတော့ သေချာမလုပ်ဆောင်နိုင်သူပါ”

Photo Credit : Goal

“ခင်ဗျားတို့အနေနဲ့က သူ့ကို လေ့ကျင့်ရေးကွင်းမှာ ဘယ်လိုပရော်ဖက်ရှင်နယ် စိတ်နေစိတ်ထားမျိုးနဲ့ လေ့ကျင့်နေမလဲဆိုတာကုုိပဲ တွေးတောနေနိုင်လိမ့်မယ်။ သူက တယ်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားမျိုးဆိုပေမယ့် မနက်ခင်းတိုင်း အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဘာမှကို ကြိုးစားလုပ်ဆောင်တာမျိုး မရှိဘူး။ ပွဲတွေရှိတဲ့နေ့ ကွင်းထဲမှာ သူပါဝင်ကစားနေပြီဆိုရင်လည်း တစ်ပတ်တာလုံး လေ့ကျင့်ထားတဲ့ပုံစံမျိုးထက် သူရဲ့ပင်ကိုယ်အရည်အချင်းကနေ ထွက်ပေါ်လာတဲ့ စွမ်းဆောင်ရည်ကိုပဲ မြင်နေရတတ်တယ်။ ရီးယဲလ်မက်ဒရစ်လို ကမ္ဘာပေါ်က ထိပ်သီးကလပ်အသင်းကို သူရောက်သွားတုန်းကလည်း သူရဲ့ထိပ်တန်းအဆင့်ရှိတဲ့ ခြေစွမ်းမျိုးကြောင့် တကယ့်ကို ထိပ်တန်းဆုတံဆိပ်တွေကိုပါ ပိုင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်ထင်ထားခဲ့မိတာ။ ဒါပေမယ့် သူရဲ့ကြံခိုင်မှုတွေ ပြေးအားတွေ အခြေအနေတွေကြောင့် ထင်သလောက် မဖြစ်လာခဲ့ပဲ သူသာ အသေအချာလေး လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ကစားသမားမျိုး ဖြစ်လာနိုင်ပါလိမ့်မယ်” လို့ မှတ်ချက်ပြုပြောဆိုလို့သွားပါတယ်။ ဒါပေမယ့် ဟာဇက်က ဘယ်ဂျီယံအသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။