မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်အနေနဲ့ အသင်းမှာ ဆက်လက်ရှိမနေချင်တော့ဘူးလို့ မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ မှတ်ချက်ပြု ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်တဲ့ လင်ဂတ်ဟာ နောက်ပိုင်းနှစ်တွေအတွင်းမှာရော ဒီနှစ်ဘောလုံးရာသီမှာပါ ပွဲကစားခွင့်တွေ အနည်းငယ်သာ ရှိထားခဲ့ရတာ ဖြစ်သလို မန်စီးတီးကို (၄)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဒုတိယပိုင်း ပွဲကစားချိန် (၆၄)မိနစ်မှာ လူစားဝင် ကစားခဲ့ရပြီး မိနစ်(၃၀)ခန့်လောက် ကစားခဲ့ရပေမယ့် ဘောလုံးထိချက်လေး (၂)ကြိမ်သာ ရှိခဲ့ရပါတယ်။ လင်ဂတ်ရဲ့ ဒီလို ပုံစံနဲ့ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က သူရဲ့ထင်မြင်ချက်တွေကို FIVE podcast အစီအစဉ်မှာ ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : DPN

ဖာဒီနန်က “ဂျက်ဆီရဲ့ အခြေအနေက…သူ အဲ့ဒီနေရာမှာ ဆက်မနေချင်တော့ပါဘူး။ ဒါက ရိုးရိုးရှင်းရှင်းလေးပါပဲ။ သူ မန်ချက်စတာယူနိုက်တက်ကို ချစ်ခင်တယ်။ ဒါပေမယ့် အပြောင်းအရွှေ့ မရရှိခဲ့တာ အခြားနေရာတစ်ခုဆီကို သွားရောက်ဖို့ ပွဲကစားခွင့်တွေ ရရှိဖို့နဲ့ ပွဲထွက်ကစားခွင့်တွေ ရရှိဖို့ အခွင့်အရေး မရခဲ့တာတွေကနေ ဒီလို အခြေအနေမျိုးက ဖြစ်ပေါ်သွားခဲရတာ။ သူ ဝက်စ်ဟမ်းယူနိုက်တက်နေ ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ အခွင့်အရေးတွေ ပိုမိုရရှိဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်မိတယ်။ ဝက်စ်ဟမ်းမှာ သူလုပ်ဆောင်ခဲ့တာတွေအတွက် သူပွဲကစားခွင့်တွေ ပိုင်ဆိုင်နိုင်ရဖို့ အာမခံချက် ရှိရပါလိမ့်မယ်။ ခင်ဗျား သူ့လို ကစားသမားကို ကစားခိုင်းမှာလား ဒါမှမဟုတ် လက်လွှတ်လိုက်မလား။ ဒါပေမယ့် နောက်ကွယ်မှာကလည်း ကျွန်တော်တို့တွေ မသိနိုင်လောက်တဲ့ တခြားအရာတွေ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ဒါကို အကဲဖြတ်ဖို့က ခဲယဉ်းနို်င်တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွှယ် အင်္ဂလန် ကွင်းလယ်လူ လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ကြိမ်သာ ပွဲထွက်ကစားခဲ့ရပြီး လက်ရှိအချိန်ထိ မိနစ်ပေါင်း (၂၀၀)သာ ပါဝင်ကစားခဲ့ရသလို ပြိုင်ပွဲစုံမှာလည်း (၃)ပွဲသာ ပွဲထွက်ကစားခဲ့ရလို့ ဒီအခြေအနေပေါ်ကို စိတ်ပျက်လို့နေပါတယ်။