ဘရိုက်တန်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား အလစ်ဆစ်မက်အယ်လစ္စတာက လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရစဉ်က အာဂျင်တီးနား ထိပ်သီးကစားသမား လီယွန်နယ်မက်ဆီနဲ့အတူ လေ့ကျင့်ခန်းဆင်းရတဲ့ အတွေ့အကြုံတွေအပြင် သူ့ကို အသင်းဖော်တွေက ကျီစယ်တဲ့အနေနဲ့ နာမည်ပြောင်တစ်ခုပေးပြီး ခေါ်ဆိုခဲ့ခြင်းကိုလည်း သဘောမကျခဲ့လို့ ထပ်မံမခေါ်ဝေါ်ဖို့ကိုပါ သတိပေးခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Tribuna
အသက်(၂၃)နှစ်အရွှယ် ကွင်းလယ်လူ အယ်လစ္စတာဟာ ၂၀၁၉ သြဂုတ်လမှာပဲ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး ချီလီ မက္ကဆီကိုအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာပဲ လက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီလို အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံရချိန်မှာ အယ်လစ္စတာဟာ ကမ္ဘာထိပ်တန်း ဘောလုံးသမား မက်ဆီနဲ့အတူ ပူးတွဲလေ့ကျင့်ခန်းဆင်းရတာကြောင့် သူ့မှာ အတော်လေးကို စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ မက်ဆီနဲ့ ဆုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အယ်လစ္စတာက “ကျွန်တော် သူ့ကို နှုတ်ဆက်ဖို့တောင် မပြောရဲခဲ့ဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်နဲ့ တွေ့ဆုံနေရတာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားမိခဲ့ရတယ်။ ဒါ အရမ်းကို ကောင်းပါတယ်။ ဘယ်လိုမှလည်း မေ့နိုင်မှာ မဟုတ်ပါဘူး”
Photo Credit : Sportskeeda
“ကျွန်တော့်အဖေတုန်းက မာရာဒိုနာနဲ့ တွဲဖက်ကစားခဲ့ရပြီးတော့ ကျွန်တော်က မက်ဆီနဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့ရတာက တကယ့်ကို မှော်ဆန်တဲ့ ဖြစ်ရပ်တွေလိုပါပဲ။ ဒီ့အတွက်လည်း ဂုဏ်ယူမိပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အယ်လစ္စတာက မက်ဆီနဲ့ တွဲဖက် လေ့ကျင့်ခန်းဆင်းရတဲ့ အတွေ့အကြုံတွေ အကြောင်းကို “ကျွန်တော် အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံရစဉ်တုန်းက မက်ဆီနဲ့ လေ့ကျင့်ခန်း အတူဆင်းခဲ့ရတယ်။ ဒါပေမယ့် အတူတော့ တွဲဖက် မကစားခဲ့ရဘူး။ အဲ့ဒီအချိန်တုန်းက ကစားသမားတိုင်း ကျွန်တော့်ကို Colo လို့ ခေါ်ကြတာ မှတ်မိသေးတယ်။ Colo ဆိုတာက အာဂျင်တီးနားလိုဆိုရင် ဂျင်းကို ဆိုလိုတာ။ ကျွန်တော်က ဒီလိုခေါ်တာကို သိပ်သဘောမကျခဲ့သလို မက်ဆီကလည်း ကျွန်တော့်ကို ဒီလိုခေါ်တာ မကြိုက်ဘူးလို့ အသင်းဖော်တွေကို ပြောခဲ့သေးတယ်။ သူက ကျွန်တော့်ကို Colo လို့ ခေါ်နေတာ ကျွန်တော်သဘောကျမှာ မဟုတ်လို့ နောက်ထပ် အဲ့လို့မခေါ်ကြနဲ့တော့လို့ပါ အသင်းဖော်တွေကို ပြောခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၀)အထိ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုး(၂)ဂိုး သွင်းယူထားတဲ့ အယ်လစ္စတာဟာ လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။