မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၄)မှုာ အတ္တလန်တာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်အသင်းက ယူနိုက်တက်အသင်းကို နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီနဲ့ ပွဲက အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းက ကစားသမားတွေ ပုံမှန်စွမ်းဆောင်ရည်အောက်ကို ရောက်နေရပြီး ကွင်းလယ်မှာ ပါဝင်လာခဲ့တဲ့ ပေါလ်ပေါ့ဘာကိုလည်း ယူနိုက်တက်အသင်းသားဟောင်းကြီးတွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ ဖာဒီနန်တို့က ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မနေ့ညက ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ် တွမ်မီနေးတို့နဲ့အတူ ပွဲထွက်လာခဲ့ပေမယ့် အသင်းအတွက် ဘာမှမယ်မယ်ရရ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို အသင်းရဲ့ ကစားသမားဟောင်းကြီးတွေက ဝေဖန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ ပုံမှန်အောက် ရောက်ရှိနေတဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပေါလ်စခိုးက “သူ အသက်ဘယ်လောက် ရှိနေပြီလဲ။ (၂၈)နှစ်တဲ့လား။ သူက တကယ့်ကို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ကစားသမားတစ်ယောက်ပါ”

Photo Credit : Goal

“ဒါပေမယ့် သူ့ကစားနေတာကို ကြည့်ရတာက အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိတော့မယ့် ပုံစံမျိုးလို ဖြစ်နေရတယ်။ မိုက်မိုက်မဲမဲ ကိစ္စတွေကိုလည်း လုပ်ဆောင်နေတုန်းပါပဲ။ သူ ဘယ်လောက်အထိ သန်မာပြီး Skill ကောင်းတယ်ဆိုတာကိုလည််း ပရိသတ်တွေမြင်အောင် လုပ်ပြချင်နေတုန်း။ ပေါလ်အတွက် အရေးအကြီးဆုံး ကိစ္စဆိုရင်တော့ အာရုံစူးစိုက်မှုလို့ပဲ ကျွန်တော်ထင်မိပါတယ်။ သူ့ကိုကြည့်ရတာ အချိန်တိုင်းလိုလို အာရုံစိုက်မှု ကင်းမဲ့နေပြီး Skill အရမ်းပြချင်စိတ်တွေ ဝင်နေသလိုပါပဲ။ သူ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားခဲ့တုန်းက အရမ်းထူးချွန်ပြောင်မြောက်ခဲ့လို့ ကျွန်တော်တို့အသင်းကနေ ခေါ်ယူခဲ့တာလို့ ခင်ဗျားတို့ ထင်ခဲ့မှာပဲ။ သူက အဲ့ဒီမှာဆိုရင် ပီယာလိုု ချီလီနီ ဘနူချီ ဘူဖွန်တို့လို အတွေ့အကြုံရင့် ကစားသမားတွေရဲ့ကြားမှာ ကစားနေရတယ်။ တကယ့်ကို ပြင်းထန်လှတဲ့ နည်းပြမျိုးရဲ့အောက်မှာလည်း ကစားခဲ့ရတာ။ သူက သူ့ဘေးနားမှာ သူရဲ့စကားပုံနဲ့ပတ်သက်ပြီး ပြောဆိုနေမယ့် လူမျိုးတွေနဲ့မှ တွဲဖက်ကစားရမှ အဆင်ပြေမယ့်ပုံမျိုး။ အသက်(၃၅)နှစ်လောက် ရောက်တဲ့အထိ ဒီပုံစံမျိုးပဲ ဖြစ်နေဦးမှာ”လို့ ဝေဖန်ခဲ့ပြီး ဒါကိုလည်း ရီယိုဖာဒီနန်ကလည်း လက်ခံသွားခဲ့သလို ပေါ့ဘာကို သူရဲ့အသင်းဖော်တွေ နည်းပြတွေက ပိုပြီးတွန်းအားပေးသင့်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။