အာဆင်နယ်အသင်းရဲ့ ဂျာမနီဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်သူ လေမန်းက လက်ရှိ ဘောလုံးလောကမှာ အတောက်ပဆုံး ဖြစ်လို့နေတဲ့ ဒေါ့မွန်လူငယ် တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းအနေနဲ့ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့လာနိုင်ပြီး ဒီအသင်းတွေကိုလည်း ထိပ်တန်းအဆင့် ပြန်ရောက်နိုင်အောင် တွန်းတင်ပေးနိုင်ဖွယ် ရှိနေတယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Photo Credit : Evening Standard

ဂျာမနီဂိုးသမားဟောင်းကြီး လေမန်းက ကစားသမားဘဝအတွင်းမှာ ဒေါ့မွန် အာဆင်နယ်အသင်းတွေအတွင်း ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိ သူ့အသင်းဟောင်း ဒေါ့မွန်မှာ ခြေစွမ်းပြလို့နေတဲ့ နော်ဝေတိုက်စစ်ကစားသမားလေး ဟာလန်းအနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားတဲ့အခါ အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက်အသင်းတို့ကို ရွေးချယ်ဖွယ် ရှိနေတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လေမန်းက “ဟာလန်းမှာက ထင်ပေါ်ကျော်ကြားတဲ့ အရာတွေ ရှိနှင့်နေပြီးသားပါ။ သူရဲ့အားကောင်းတဲ့ ကစားဟန်နဲ့ အရပ်အမောင်း မြင့်မားလွန်းမှုတွေပေါ့။ သေချာတာကတော့ သူအနေနဲ့ ညာခြေအဆုံးသတ်ပိုင်းမှာတော့ ဒီထက်ပိုတိုးတတ်လာဖို့ လိုအပ်နေသေးတယ်ဆိုတာပဲ”

Photo Credit : DW

“ဒါပေမယ့် သူ့လို လူကောင်ကြီးမားတဲ့ ဘောလုံးသမားတစ်ယောက်က ဒီလောက်ထိ ပြေးလွှားကစားနိုင်တာ အရမ်းလျင်မြန်စွာ ကစားနိုင်တာကိုတော့ လုံးဝကို မမြင်တွေ့ဖူးဘူး။ သူက အခု ဒေါ့မွန်အသင်းမှာပဲ ဆက်လက်ရှိနေသေးတယ်။ သူသွားနိုင်လောက်တဲ့ ကလပ်အသင်းနဲ့ သူ့ဘက်ကနေ ခြားနားချက် ကြီးကြီးမားမား လုပ်ပေးနိုင်မယ့် ကလပ်အသင်းတွေကတော့ သိပ်များများစားစား မရှိနိုင်လောက်ဘူး။ သူအနေနဲ့ အာဆင်နယ် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်ထဲက တစ်သင်းသင်းဆီလည်း ပြောင်းရွှေ့သွားနိုင်ပါတယ်။ အဲ့ဒီမှာဆိုရင်တော့ သူအနေနဲ့ ဒီအသင်းတွေကို ထိပ်တန်းအဆင့်ထိ ပြန်ရောက်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သလို အသင်းအတွက် ပြိုင်ပွဲစုံ(၆၉)ပွဲ ပါဝင်ကစားထားပြီးနောက်မှာ သွင်းဂိုးစုစုပေါင်း (၇၀)အထိလောက်ကို သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၂ခုနှစ်မှာ သူရဲ့စာချုပ်လျော်ကြေး တန်ကြေးဖြစ်တဲ့ ပေါင်(၆၄)သန်းက စတင်သက်ရောက်တော့မှာဖြစ်လို့ ကလပ်အသင်းတိုင်းက ဟာလန်းကို အပြိုင်အဆိုင် ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။