MySport Myanmar

ဆာကာက စပါးကို အဓိက ဒုက္ခပေးမယ့်သူ ဖြစ်နိုင်တယ်လို့ ရက်နပ်သုံးသပ်

LONDON, ENGLAND - MAY 22: Bukayo Saka of Arsenal during the Premier League match between Arsenal and Everton at Emirates Stadium on May 22, 2022 in London, United Kingdom. (Photo by Marc Atkins/Getty Images)

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဟောင်းကြီး ဟာရီရက်နပ်က လာမယ့် မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက သူ့အသင်းဟောင်း စပါးကို အဓိက ဒုက္ခပေးနိုင်သော ကစားသမားတစ်ဦး ဖြစ်နေလိမ့်မယ်လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

Photo Credit : Arsenal

နိုင်ငံတကာပွဲစဥ်တွေအပြီး ပြန်လည် ကျင်းပရတော့မယ့် ကလပ်အသင်း ပွဲစဥ်တွေထဲမှာ မန်ချက်စတာဒါဘီပွဲအပြင် အာဆင်နယ်နဲ့စပါးတို့ ထိပ်တိုက် တွေ့ဆုံနေကြတဲ့ မြောက်လန်ဒန်ဒါဘီပွဲလည်း ပါဝင်လို့နေပါတယ်။ လက်ရှိမှာ အာဆင်နယ်ရော စပါးရောက ပရီးမီးယားလိဂ်မှာ အဆင့်(၁)နဲ့ အဆင့်(၃)တွေအဖြစ် ရပ်တည်နေကြပြီး စပါးအသင်းဆိုရင်လည်း ရှုံးပွဲ လုံးဝမရှိသေးတဲ့ အသင်းအဖြစ် ရှိနေပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ကြတဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြတဲ့အပြင် လက်ရှိမှာလည်း အသင်းနှစ်သင်းကြား ရမှတ်ကွာဟလျက်ကပါ (၁)မှတ်တည်းသာ ရှိနေတာကြောင့် အခုပွဲစဥ်က ထင်ထားတာထက်တင် အကြိတ်အနယ် ပိုရှိလာနိုင်ပါတယ်။

Photo Credit : Sportskeeda

ဒီပွဲစဥ်မတိုင်ခင် ကြားမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပွဲစဥ်တွေအတွင်း သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် ခြေစွမ်းပြခဲ့ကြတဲ့ အာဆင်နယ်နဲ့ စပါး ကစားသမားတွေ အများအပြား ရှိခဲ့တာကြောင့် အဲ့ဒီကစားသမားတွေက အခု လန်ဒန်ဒါဘီပွဲစဥ်မှာပါ ထပ်မံ ခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒီပွဲနဲ့ ပတ်သတ်ပြီး စပါးအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်းကြီး ရက်နပ်က အာဆင်နယ်ရဲ့ ကြယ်ပွင့် left-winger ဆာကာက စပါးအတွက် ပြိုင်ဘက်ကစားသမားတွေထဲကမှ ခြိမ်းခြောက်မှု အပေးနိုင်ဆုံး ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ ဆာကာက ပြီးခဲ့တဲ့ UEFA Nations League အုပ်စုနောက်ဆုံးပွဲစဥ် အဂ်လန်နဲ့ ဂျာမနီတို့ပွဲမှာ အဂ်လန်အတွက် လူစားဝင် ကစားပေးရင်းနဲ့ အတော်လေး ခြေစွမ်းပြနိုင်ခဲ့သလို မေဆန်မောင့်ရဲ့ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဒီလို အကောင်းဆုံး စွမ်းဆောင်ပြနိုင်တဲ့ ဆာကာက လန်ဒန်ဒါဘီပွဲမှာလည်း စပါးအသင်းအတွက် သတိထားရမယ့် ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ရက်နပ်က သူ့အသင်းဟောင်းကို သတိပေးခဲ့သလို လက်စတာနဲ့ပွဲမှာ လူစားဝင်ပြီး (၁၃)မိနစ်အတွင်း ဟက်ထရစ် သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်လည်း လန်ဒန်ဒါဘီမှာတော့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

Exit mobile version