စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တန်ကြေးမြင့် ကစားသမား ဖြစ်သူ အီဒင် ဟာဇက် ကတော့ စပိန်မြေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် အီဒင်ဟာဇက်ဟာ ယခင်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၁၀၃သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာလူသား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Daily Mail

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၃ရာသီ ပါဝင် ကစားခဲ့ရာ ပြိုင်ပွဲစုံမှာ ၅၁ပွဲပဲ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ဟာဇက်ကို ရောင်းထုတ်ဖို့ ကြိုးစားလာတာ ဖြစ်ပြီး စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ ချယ်လ်ဆီးပိုင်ရှင် အေဗရာမိုဗစ်ချ်နဲ့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်တို့ရဲ့ ကြားမှာ ဟာဇက်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

Photo Credit: Daily Mail

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ El National သတင်းဌာနကလည်း ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပီရက်ဇ်နဲ့ အေဗရာမိုဗစ်ချ်တို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အတည်ပြုထားကာ ရီးရဲလ်မက်ဒရစ်က ဟာဇက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်နဲ့ ဟာဇက်တို့ရဲ့ ကြားမှာ အခုချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေပြီး ဟာဇက်ဟာ ချယ်လ်ဆီးအသင်းထံ ပြန်လာချင်ကြောင်း အေဗရာမိုဗစ်ချ်ထံ ပြောကြားထားကာ အေဗရာမိုဗစ်ချ်ကလည်း ဟာဇက်ကို အသင်းထံ ပြန်လည် ခေါ်ယူချင်နေကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ဟာဇက်ကို အပြာရောင်ဝတ်စုံနဲ့ ထပ်မံ မြင်တွေ့ရတော့မှာလား…?