ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းနဲ့ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းကနေ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဟာဇက်ဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းအတွက် ခြေစွမ်းကောင်းတွေ မပြသနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့လာချိန်မှာ နဂိုထက် ပိုပြီးဝလာတာကြောင့် ရာသီအစပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ အဆက်မပြတ် ကြုံလာရတာကြောင့် ဒီရာသီမှာ ခြေစွမ်းအဆိုးရွားဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။

Photo Credit: 90min.com

အသက်၂၉နှစ်အရွယ် အီဒင်ဟာဇက်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် လာလီဂါပွဲစဉ် ၁၀ပွဲသာ ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုးသာ သွင်းယူထားနိုင်ကာ ၁ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟာဇက်ဟာ စပိန်နိုင်ငံ မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး အတွက် အိမ်ထဲမှာပဲ လေ့ကျင့်ခန်းတွေ လုပ်နေရသူဖြစ်ပြီး သူဟာ ခွဲစိတ်ကုသထားတဲ့ သူ့ရဲ့ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာ လျင်မြန်စွာ ပျောက်ကင်းဖို့အတွက် အထူးအလေးပေးကာ လုပ်ဆောင်နေတယ်လို့ သူ့ရဲ့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ဒါ့အပြင် ဟာဇက်က အိမ်ထဲမှာ နေရတဲ့အချိန်တွေ များလာတဲ့ အနေအထားကြောင့် သူ့အနေနဲ့ ခက်ခဲရတဲ့ ကိစ္စရပ် တစ်ခု ရှိနေတယ်လို့ ဖွင့်ဟလာခဲ့ပါသေးတယ်။

Photo Credit: 90min.com

အဆိုပါကိစ္စကတော့ အိမ်ထဲမှာပဲ နေရတာတွေကြောင့် စားစရာတွေကို အချိန်ပြည့် စားချင် နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဟာဇက်ဟာ သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ခံထားရတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိမှုတွေ လုပ်ဆောင်နေရသူဖြစ်ကာ Stay Home ကာလဟာ သူ့အတွက် စားစရာတွေကို များများစားလာအောင် မြူဆွယ်နေတဲ့ ကာလ တစ်ခုဖြစ်တာကြောင့် သူ့အနေနဲ့ စိတ်ညစ်နေရတယ်လို့ ဟာဇက်က ဖွင့်ဟလာခဲ့တာပါ။ သူ့ရဲ့ စားချင်စိတ်ကြောင့် ဝိတ်မတက်အောင် ထိန်းဖို့ ခက်နေတဲ့အကြောင်းကို ဟာဇက်က ” စားစရာတွေရှိပြီး မစားချင်အောင် ထိန်းရတာက အတော်လေး ရှုပ်ထွေးပါတယ်။ ကျွန်တော်က အခုဆိုရင် အများကြီး မစားမိအောင် ကြိုးစား နေရပါတယ်။ ပြီးတော့ ပေါင်မုန့်တွေအများကြီး မစားမိအောင် မီးဖိုချောင်ထဲကို မဝင်သွားဖို့လဲ ကြိုးစားနေရပါတယ်။ ဒါက တကယ်ကို မလွယ် ပါဘူး ” လို့ ရယ်သွမ်းသွေးကာ ဖွင့်ဟ လာခဲ့တာပါ။