စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ဟာဇက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ ဘယ်လ်ဂျီယံထက် ပိုကောင်းတဲ့ နိုင်ငံအသင်း ၃သင်း အထိ ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင် ဟာဇက်က လွန်ခဲ့တဲ့ ၃ ၊ ၄နှစ် ဝန်းကျင်မှာ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပေမယ့် ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူပါ။

Photo Credit: Marca

ဒါပေမယ့် ဟာဇက်က ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံး ကြံ့ခိုင်မှု အနေအထားကို ပြန်လည် ရရှိထားပြီး သူက ရီးရဲလ်မက်ဒရစ်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပေမယ့် ဘယ်လ်ဂျီယံ အတွက် ကစားပေးတဲ့ အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဟာဇက် ၊ ဒီဘရိုင်းနဲ့ လူကာကူတို့ ဦးဆောင်လာမယ့် ဘယ်လ်ဂျီယံက မကြာခင် ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၁၀သင်း စာရင်းထဲ ပါဝင်နေပြီး ဟာဇက်ကတော့ သူတို့အသင်းဟာ ထိပ်တန်း ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတသင်း ဆိုတာ မှန်ပေမယ့် သူတို့အသင်းထက် ပိုကောင်းတဲ့ အသင်း ၃သင်း အထိ ရှိနေကြောင်း ဆိုလာပါတယ်။

Photo Credit: Marca

ဟာဇက်က – “ကျွန်တော်တို့က ကစားသမားကောင်းတွေ ရှိနေတဲ့ အသင်းကောင်း တသင်းပါ။ ကျွန်တော်တို့က ရုရှားမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အသင်းထက် ပိုပြီး အတွေ့အကြုံ ရင့်ကျက်လာပါတယ်။ ဒါပေမယ့် ကျွန်တော်က ပွဲထွက်ခွင့်တွေ ပျောက်ဆုံးထားသလို လူကာကူကလည်း ဒဏ်ရာရနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းတွေ ရှိနေပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဘရာဇီးလ် ၊ ပြင်သစ်နဲ့ အာဂျင်တီးနားတို့က ကျွန်တော်တို့ထက် ပိုပြီး အင်အားတောင့်တဲ့ အသင်းတွေပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ဟာဇက်ရဲ့ ဘယ်လ်ဂျီယံက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ကနေဒါ ၊ မော်ရိုကို ၊ ခရိုအေးရှားတို့နဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။