အီဒင်ဟာဇက်ဟာ သူငယ်စဉ်ကတည်းက အရမ်းကို ပါဝင်ကစားချင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နွေစျေးကွက်အတွင်းကပဲ ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာပြသာနာတွေ ကြံခိုင်မှုမပြည့်ဝခြင်းတွေကြောင့် အသင်းအတွက် ပွဲတော်တော်များများကို လွဲချော်ရခဲ့ရတာကြောင့် သွင်းဂိုးတွေလည်း အနည်းအကျဉ်းလောက်ပဲ ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ဟာဇက်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဟွမ်ဆကာအသင်းနဲ့ ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်းမှာလည်း သူရဲ့ဒီရာသီ ပထမဆုံးသောသွင်းဂိုးကို လှလှပပနဲ့ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : BBC

အသက်(၂၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ သူရဲ့ကစားသမားဘဝမှာ ပရီးမီးယားလိဂ် လာလီဂါနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့တော့ ကံမစပ်သေးတဲ့ ကစားသမားတစ်ယောက်လို့ ဆိုရမှာဖြစ်ပြီး အခုလက်ရှိမှာဆိုရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးမရယူနိုင်ခဲ့တာဟာ ရက်ပေါင်း(၁၄၃၉)အထိတောင် ကြာမြင့်နေခဲ့ရပြီဖြစ်ပါတယ်။ ဟာဇက်နောက်ဆုံး သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးက ၂၀၁ရခုနှစ်ကဖြစ်ပြီး ကွာရာဘတ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ချယ်လ်ဆီးကို ကိုင်တွယ်နေတဲ့နည်းပြက ဒီနေ့ညမှာ သူပြန်လည်ရင်ဆိုင်ရတော့မယ့် အန်တိုနီယိုကွန်တီဖြစ်ပါတယ်။

Photo Credit : The Indian Express

ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ် အုပ်စုအတွင်းပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်နေရစဉ် တစ်နိုင်ငံတည်းသား ပီအက်စ်ဂျီနောက်ခံလူ(အခုဒေါ့မွန်မှာ)မြူနီယာရဲ့ ဖြတ်ထုတ်မှုကြောင့် ဒူးဒဏ်ရာရသွားခဲ့တဲ့ ဟာဇက်ဟာ ရက်ပိုင်းများစွာ အနားယူခဲ့ရပြီးနောက် အသင်းနဲ့အတူ မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ (၁၆)သင်းအဆင့်ပွဲစဉ်မှာ ပါဝင်ခဲ့ပေမယ့်လည်း အသင်းကိုတော့ နောက်တစ်ဆင့်တတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကစားသမားဘဝမှာ ယူရိုပါလိဂ်ဖလား (၂)ကြိမ်အထိ ဗိုလ်စွဲထားခဲ့ဖူးတဲ့ ဟာဇက်ဟာ အခုလက်ရှိ သူရဲ့အသင်းဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့ဖူးချင်မှာ သေချာပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာလည်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှက်တာဒိုးနက်အသင်းကို အရေးနိမ့်ထားပြီး မိုချန်ဂလာဘတ်အသင်းကိုတော့ (၂)ဂိုးအရှုံးကနေ (၂)ဂိုးပြန်သွင်းကာ သရေကျအောင် မနည်းကစားခဲ့ရပါတယ်။ ဒီလို ချန်ပီယံလိဂ်မှာ နိုင်ပွမရသေးတဲ့ ရီးရဲလ်အနေနဲ့ ဒီနေ့ညမှာ သူတို့အသင်းလိုပဲ ချန်ပီယံလိဂ်(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဘယ်အသင်းက စတင်အနိုင်ရမလဲ ဥရောပမှာ ဂိုးပေါက်ပျောက်နေတဲ့ ဟာဇက်ကရော သူ့ဆရာဟောင်းကွန်တီနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲမှာ သွင်းဂိုးတွေ ရနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။