MySport Myanmar

မက်ဆီကသာ ရွှေဘောလုံးဆုကို ရသင့်ကြောင်း ထောက်ခံ ပြောဆိုလာတဲ့ ဟာဇက်

မကြာသေးမီကမှ ဘောလုံးသမားဘဝ ကနေ အနားယူထားတဲ့ ဘယ်လ်ဂျီယံ ဂန္တဝင် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်က ၂၀၂၃ခုနှစ် အတွက် ရွှေဘောလုံးဆုကို အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားအား ရယူ သိမ်းပိုက်ထားနိုင်တဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကသာ ရရှိသင့်ကြောင်း ထောက်ခံ ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံးဆုကို မကြာခင်မှာ ပေးအပ် ချီးမြှင့်တော့မှာ ဖြစ်ပြီး လက်ရှိမှာတော့ အာဂျင်တီးနားနဲ့ အင်တာ မိုင်ယာမီတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရွှေဘောလုံးဆုကို ရရှိမယ်လို့ သတင်းကြီးနေပါတယ်။

Photo Credit: Standard

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို လီယွန်နယ် မက်ဆီနဲ့ မန်ချက်စတာ စီးတီး ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းတို့ အပြိုင် လုနေရတဲ့ အနေအထားမှာ ရှိနေပြီး လီယွန်နယ် မက်ဆီဟာ ရွှေဘောလုံးဆုကို ၈ကြိမ်မြောက် အဖြစ် ရရှိသင့်တယ်လို့ ယူဆနေသူတွေ ရှိသလို မန်ချက်စတာ စီးတီးနဲ့အတူ ဖလား ၃လုံး ရထားတဲ့ အာလင်း ဟာလန်းဟာ ရွှေဘောလုံးဆုရှင် ဖြစ်သင့်တယ်လို့ ယုံကြည်နေသူတွေလည်း ရှိပါတယ်။

ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကစားသမားဟောင်း ဖြစ်သလို ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အီဒင် ဟာဇက်ကတော့ မက်ဆီကို ထောက်ခံအားပေးသူ ဖြစ်ပါတယ်။

Photo Credit: Bola

မက်ဆီ တယောက် ရွှေဘောလုံးဆုကို ရရှိသင့်ကြောင်းအား ဟာဇက်က – “ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားကို သူ (မက်ဆီအား ရည်ရွယ်လျက်) ကမ္ဘာ့ဖလား ရတဲ့ နှစ်မှာ ရွှေဘောလုံးဆု မပေးဘူး ဆိုရင် ဒါက အဓိပ္ပါယ် မရှိပါဘူး။ တကယ်လို့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကသာ ဗိုလ်စွဲနိုင်ခဲ့ရင်လည်း အမ်ဘာပေကို ရွှေဘောလုံးဆု ပေးသင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ လီယွန်နယ် မက်ဆီဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ကျိန်းသေပေါက် ဆွတ်ခူးဖို့ ရှိနေသလို ချယ်လ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဘာက မက်ဆီကို သူ့ရဲ့ ၈ကြိမ်မြောက် ရွှေဘောလုံးဆုအား ပေးအပ် ချီးမြှင့်မယ်လို့ ဖော်ပြထားပါတယ်။

Exit mobile version