ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်က သူ့ကို ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားချင်ပြီး သူရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှုရှိကြောင်းကိုလည်း သက်သေပြသွားချင်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CGTN

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၆)သန်း(အပိုဆုကြေး အပါအဝင်)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို တစ်ပတ်ကိုလည်း ပေါင်(၄)သိန်းအထိကို ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်ဟာ အသင်းနဲ့ (၂)နှစ်အထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရခဲ့ပြီး (၂)ရာသီအတွင်းမှာ အသင်းအတွက် သွင်းဂိုးပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။

Photo Credit : Marca

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဟာဇက်က “ရီးယဲလ်မက်ဒရစ်အသင်းက ကျွန်တော့်အတွက် ပိုက်ဆံတွေ အများကြီးကို သုံးစွဲခဲ့ရပါတယ်။ ဒီလို သုံးစွဲခဲ့့ရတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် ဒီအသင်းအပေါ် ပြန်လည်ပေးဆပ်သွားချင်ပါတယ်။ ကျွန်တော် ဒီအသင်းနဲ့ (၅)နှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တယ်။ ပထမဆုံး (၂)နှစ်မှာတော့ ရုန်းကန်ခဲ့ရပေမယ့် လက်ကျန်(၃)နှစ်ကိုတော့ အကောင်းဆုံးတွေ လုပ်ပြနိုင်ဖို့နဲ့ တန်ကြေးနဲ့ ထိုက်တန်မှု ရှိတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားသွားမှာပါ။ ဒါက တကယ်ဖြစ်လာဖို့လည်း ကျွန်တော်မျှော်လင့်တယ်။ မနက်ခင်းတစ်ခုမှာ နိုးထပြီးတော့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်အတွက် ကိုယ့်ကိုကိုယ် ပြီးပြည့်စုံတဲ့ အနေအထားမျိုး ရောက်နေစေဖို့လည်း မျှော်လင့်မိတယ်။ ကျွန်တော်ရဲ့တန်ဖိုးကို သက်သေပြလို့ ရနိုင်မယ့် အချိန်တစ်ခုကိုလည်း ကျွန်တော်စောင့်ဆိုင်းလို့နေပါတယ်။ လူတွေကတော့ ကျွန်တော် အမြဲဒဏ်ရာတွေ ရနေတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါကလည်း တကယ်ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ကစားသမားဘဝ နောက်ဆုံး(၁၀)နှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဘယ်ကစားသမားကမှ ကျွန်တော်လောက် မကစားခဲ့ရဘူးဆိုတာကို သိရလိမ့်မယ်။ အခု ကျွန်တော်လုပ်ရမယ့် အလုပ်ကို လုပ်နေတယ်။ ကာယကုထုံးသမားတွေနဲ့လည်း နေ့စဉ်တွေ့တယ်။ အသင်းကလည်း ရာသီအစမှာ အကောင်းဆုံး တာထွက်ထားတယ်။ အခု အခြေအနေ ကောင်းနေတယ်ဆိုပေမယ့် ကျွန်တော်ကတော့ ရာနှုန်းပြည့်တော့ မကြံခိုင်သေးပါဘူး” လို့ ရှင်းလင်းပြောဆိုထားပါတယ်။