ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် စပိန်နိုင်ငံ မက်ဒရစ်မြို့က ဒီစတီဖာနိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ရီးယဲလ်အသင်းဘက်က အဓိက ကစားသမားတချို့ ပါဝင်ကစားနိုင်ဖွယ် မရှိပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အီဒင်ဟာဇက် ပြန်လည်ပါဝင်လာမှာဖြစ်သလို အသင်းရဲ့ အဓိကကွင်းလယ်လူ တိုနီကရူးစ်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိလို့ရပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်ကို ရောက်ရှိပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တာကြောင့် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို ပွဲစဉ်များစွာကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ကြွက်သားဒဏ်ရာ ကိုဗစ်ကူးစက်မှုတွေကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို အတော်အများများ လွဲချော်ခဲ့ရပါတယ်။ ဒီရာသီမှာ ဟာဇက်ဟာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၅)ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၃)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Marca

ဟာဇက်ဟာ မကြာသေးခင်ကမှ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့လို့ ဘက်တစ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါပွဲမှာ မိနစ်အနည်းငယ် ပါဝင်လာခဲ့ပါတယ်။ ဟာဇက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ရီးယဲလ်နည်းပြဇီဒန်းက “ဟာဇက်အနေနဲ့ ဒီပွဲစဉ်မှာ ပါဝင်ဖို့အတွက် အဆင့်သင့်ဖြစ်နေပါပြီ။ သူ့ဆီမှာ ဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ တစ်စုံတစ်ရာ ရှိနေတယ်လို့ ကျွန်တော်မထင်မိပါဘူး။ သူရဲ့လက်ရှိအခြေအနေက အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ သူ့ဆီမှာ သူရဲ့ဒဏ်ရာဟောင်းတွေနဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားချက်တွေ ရှိမနေတာက အရမ်းကို ကောင်းမွန်ပါတယ်။ အခု သူ ကောင်းမွန်နေပါပြီ။ သူနဲ့အတူ ရှိနေတာကို ဝမ်းမြောက်မိပါတယ်။ သူက အသင်းအတွက် အများကြီး အကျိုးပြုနိုင်မှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်အပြင် ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ ပွဲတချို့ကို လွဲချော်ထားတဲ့ ဂျာမန်ကွင်းလယ်လူ ကရူးစ်ဟာလည်း ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ဇီဒန်းက ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ရာမို့စ် မန်ဒီ ဗယ်ဗာဒီ ဗက်ဇ်ကေးတို့က ဒဏ်ရာပြသာနာအသီးသီးကြောင့် လွဲချော်ကြရမှာဖြစ်ပါတယ်။