ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း နဲ့ ပြောင်းရွှေ့လာခဲ့အပြီးမှာ ဒဏ်ရာပြဿနာတွေနဲ့ တစ်ရာသီလုံး အချိန်ကုန်ခဲ့ရတဲ့ တောင်ပံ တိုက်စစ်ကစားသမားကတော့ ရာသီသစ်မှာ သူဟာ အကောင်းမွန်ဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ အသင်းရဲ့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။ အသက်၂၉နှစ်အရွယ် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကို ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် လက်ရှိဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး တစ်ဂိုးတည်းသာ သွင်းယူထားနိုင်သူ ဖြစ်ပြီး ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့နေရသူပါ။

Photo Credit: Talksport.com

ဒါ့ကြောင့်လည်း တခြားအသင်းပရိသတ်တွေ နဲ့ ဘောလုံးကျွမ်းကျင်သူတချို့က ဟာဇက်ရဲ့ အကောင်းဆုံးအချိန်တွေ ကုန်လွန်သွားပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိနေကြပြီး ဟာဇက်က အဆိုပါ မေးခွန်းထုတ်မှုတွေကို သူဟာ မပြီးဆုံးသေးဘူးလို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်က သူဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတာကြောင့် ခြေစွမ်းမပြနိုင် သေးပေမယ့် ရာသီသစ်မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လာမှာဖြစ်တယ် လို့ ပရိသတ်တွေကို အသိပေးပြောဆိုသွားခဲ့တာဖြစ်ပြီး ဟာဇက်ရဲ့ ပရိသတ်တွေကလဲ ဟာဇက် ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်လာမယ်သူလို့ ယုံကြည်နေကြောင်း ဟာဇက်ကို အားပေးစကား ပြောကြားခဲ့ကြပါတယ်။

Photo Credit: Talksport.com

သူ့ရဲ့ ခြေစွမ်းတွေနဲ့ ပတ်သတ်ပြီး ဟာဇက် က ” ကျွန်တော့်ရဲ့ ရီးရဲလ်ကစားသမားဘဝ ပထမဦးဆုံးရာသီကတော့ တကယ့်ကို အမှိုက်ပါပဲ။ ဒါပေမယ့် အားလုံးကတော့ လွင့်ပစ်ရမယ့် အရာတွေ မဟုတ်ပါဘူး။ ဒီရာသီက ကျွန်တော် အထိုင်ကျဖို့ လိုအပ်တဲ့ ရာသီတစ်ခုပါ။ ဒုတိယ ရာသီမှာတော့ ကျွန်တော့်ကို အကဲဖြတ်ကြပါ။ ကျွန်တော်ဟာ လာမယ့်ရာသီမှာ ပုံစံကောင်း တစ်ခုနဲ့အတူ ပြန်လာမှာပါ ” လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်ဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လာလီဂါ ပွဲစဉ် ၁၀ပွဲ ပါဝင်ကစားပေးထားပြီး ၁ဂိုး သွင်းယူထားကာ ၁ဂိုး ဖန်တီးပေးထားနိုင်သူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကရော ဟာဇက်ရဲ့ လက်ရှိ ခြေစွမ်းကို ဘယ်လိုမြင်ကြလဲဗျ….။