စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက တောင်ပံ ကစားသမားဖြစ်သူ အီဒင် ဟာဇက်ဟာ စနေနေ့ည အလာဗက်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လနီးပါးကြာအောင် အနားယူရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ အီဒင် ဟာဇက် တစ်ယောက် ပွဲအစ ပထမပိုင်း မိနစ် ၃၀ မှာပဲ စောစီးစွာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး လူစားလဲ ခံခဲ့ရတဲ့အထိ ဒဏ်ရာက ပြင်းထန်ခဲ့ပါတယ်။ ယခုရရှိထားတဲ့ ဒဏ်ရာဟာ ဘယ်ဂျီလ်ယံတောင်ပံကစားသမားဖြစ်သူရဲ့ ရီးရဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၉ခုနှစ် နွေရာသီမှ ပြောင်းရွှေ့လာချိန်ကစလို့ ၇ ကြိမ်မြောက် ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဆေးစစ်ချက်တွေ အရ ညာခြေထောက် ကြွက်သားဒဏ်ရာ အမျိုးအစားလို့လဲ သိရပါတယ်။

Photo Credit: Marca

အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီ အပြောင်းအရွေ့မှာ ရောက်ရှိ လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိအပြီးမှာ ပြိုင်ပွဲစုံ ၂၈ပွဲသာ ပါဝင် ကစားပေးရသေးပြီး ၃ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ၇ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ အလာဗက်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပဲ အီဒင် ဟာဇက်ဟာ လာမယ့် အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ရှက်တာဒိုးနက်နဲ့ အဝေးကွင်းပွဲစဉ်၊ စနေနေ့မှာ ကစားရမယ့် ဆီဗီလာအသင်းနဲ့ အဝေးကွင်းပွဲစဉ်၊ ဒီဇင်ဘာလ ၉ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မိုချန်ဂလာဘက် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၊ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကစားရမယ့် မက်ဒရစ်ဒါဘီ ဖြစ်တဲ့ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်တို့ကို သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Marca

ထိုပွဲစဉ်တွေဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တွေ ဖြစ်တာကြောင့် ဟာဇက်ကို ဆုံးရှုံးရတာဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမားဟာ အင်တာမီလန်၊ ဗီလာရီးရဲလ်နှင့် အလာဗက်အသင်းတို့ကို ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာ ဆက်တိုက် ဆိုသလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပြီးမှ ယခုအခါမှာတော့ နောက်ထပ် တစ်ကြိမ် ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကြောင့် တစ်လနီးပါး ထပ်မံ အနားယူရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းက ဟာဇက်ကို အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပြီး ဟာဇက်ဟာ ဒဏ်ရာပြဿနာ ကနေ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်း ဆိုသွားပါတယ်။