ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် စပိန်မြေမှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံကြယ်ပွင့် အီဒင် ဟာဇက်ကတော့ လာမယ့် ဘောလုံးရာသီမှာ ပရိသတ်တွေ အနေနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်မြင်ရလိမ့်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် အီဒင် ဟာဇက်ဟာ ချယ်လ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ပြီးချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြဖို့ ခဲယဉ်းနေသလို ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Football London

အီဒင် ဟာဇက်က ရီးရဲလ်မက်ဒရစ်မှာ ၃နှစ်ကြာအောင် ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ရပြီး ၃နှစ်တာ ကာလအတွင်းမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၆၆ပွဲသာ ပါဝင် ကစားနိုင်ခဲ့သလို သွင်းဂိုး ၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ကြိမ်သာ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ အပါအဝင် ဘောလုံးကျွမ်းကျင်သူတွေက ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ခေါ်ယူမှုတွေထဲက တခု ဖြစ်ကြောင်း သုံးသပ်ထားကြပြီး ဟာဇက်ကတော့ သူဟာ လာမယ့် ဘောလုံးရာသီ အတွက် အဆင်သင့် ဖြစ်နေသလို လာမယ့် ဘောလုံးရာသီမှာ ဟာဇက်အစစ်ကို ပြန်မြင်ရလိမ့်မယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Football London

ဟာဇက်က – “အီဒင် ဟာဇက်အစစ်က လာမယ့်ရာသီမှာ ပြန်လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်မြင်ရဖို့ သိပ်မကြာတော့ပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ဘယ်တော့မှ မစဉ်းစားသလို အသင်းအတွက် ကျွန်တော့်ဘက်ကနေ ဘယ်လိုအရာတွေ ပြန်ပေးနိုင်လဲ ဆိုတာကို ကောင်းကောင်း သိပါတယ်။ အခုချိန်မှာ ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လာမယ့်ရာသီမှာ အသင်းအတွက် အားကိုးရမယ့် ကစားသမား တဦး အဖြစ် ကစားနိုင်ဖို့ အဆင်သင့်ပါပဲ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။