ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ဟာ အသင်းသစ်ကို ရောက်ရှိအပြီးမှာ ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြဿနာတွေကြောင့်လည်း မကြာခဏ ဆိုသလို အနားယူနေရပါတယ်။ လက်ရှိမှာတော့ လီဗန်တေးအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်းအတွက် ဝင်ရောက် ကစားပေးကာ ဒဏ်ရာရခဲ့တဲ့ ဟာဇက်ဟာ ရာသီကုန်အထိ အနားယူဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit: Marca.com

ဟာဇက်ဟာ လီဗန်တေးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲကို ဝင်ရောက်မကစားမီ ဒဏ်ရာပြဿနာတချို့ကြောင့် သီတင်းပတ် ဆယ်ပတ်အထိ အနားယူခဲ့ရသူဖြစ်ပြီး ယခုလို ထပ်မံအနားယူရတာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ရော ဟာဇက်အတွက်ပါ စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာဇက်ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီး ဒဏ်ရာ အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ဘယ်လ်ဂျီယံနည်းပြ မာတီနက်စ်က ဟာဇက်ရဲ့ ဒဏ်ရာပြဿနာအကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Marca.com

ဟာဇက်ရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး မာတီနက်စ် က ” ကျွန်တော်တို့ဟာ အရမ်းကို စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဒဏ်ရာပြဿနာကြောင့် သုံးလလောက် အနားယူရတော့မှာ ဖြစ်လို့ပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာဇက်ဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ဆယ်ပွဲသာ ကစားခွင့်ရထားပြီး တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟာဇက်ရဲ့ အကောင်းဆုံးအချိန်တွေ ကုန်လွန်သွားခဲ့ပြီလား….?