ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဘာစီလိုနာရဲ့ နူးကမ့်ကွင်းအတွင်းမှာ အယ်ကလက်စီကိုဒါဘီပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ရာ ရီးယဲလ်ဘက်က တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက် ပါဝင်လာခြင်းမရှိတဲ့အပြင် ရီးယဲလ်နည်းပြ ကားလို့အန်စလော့တီကလည်း ဟာဇက်ကို အသင်းရဲ့လူစာရင်းမှာ အသုံးပြုလာခြင်း မရှိတဲ့အပေါ် ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၀)အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ အယ်ကလက်စီကိုဒါဘီ ပွဲစဉ်အတွင်း ရီးယဲလ်အသင်းရဲ့ အရန်စာရင်းမှာ ပါဝင်လာခဲ့ရပေမယ့် အသင်းအတွက် လုံးဝကို ပါဝင်ကစားရခြင်းမရှိပဲ ပွဲပြီးဆုံးချိန်ထိ အရန်ခုံမှာသာ ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကြောင့် ပရိသတ်တွေ မီဒီယာတွေက ဟာဇက်အနေနဲ့ ကြံခိုင်မှု မပြည့်ဝနေတာလားလို့ ထင်ခဲ့ရပေမယ့် အန်စလော့တီကတော့ ဟာဇက်ရဲ့ Fitness က အကောင်းဆုံး အနေအထားမှာ ပြန်ရောက်နေပြီဖြစ်ပြီး ဒီပွဲမှာ သူ့ထက် တခြားကစားသမားတွေကိုသာ အသုံးပြုသွားဖို့ စီစဉ်ထားတာကြောင့်သာ မထည့်သွင်းခဲ့ရတာလို့ ပြန်ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : Goal

ဟာဇက်နဲ့ပတ်သက်ပြီး အန်စလော့တီက “သူက ၄-၃-၃ ကစားကွက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ပါဝင်ကစားနိုင်တယ်။ ဒါမှမဟုတ်လည်း ၄-၄-၂ ကစားကွက်အတွင်း တိုက်စစ်မှူးရဲ့ အရှေနဲ့အနောက်တွေမှာ လိုက်ကစားနိုင်တယ်။ သူ ပါဝင်ကစားဖို့လည်း အဆင့်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ခက်တာကတော့ နည်းပြကိုယ်တိုင်က တခြားကစားသမားကိုပဲ ပိုသဘောကျနေလို့ပါပဲ။ သူက ဒဏ်ရာပြသာနာတွေ များစွာရရှိထားခဲ့တာကြောင့် မက်ဒရစ်မှာ ကြယ်တစ်ပွင့်အဖြစ် မရပ်တည်နိုင်သေးပေမယ့် တဖြည်းဖြည်းနဲ့တော့ သူရဲ့အကောင်းဆုံးပုံစံကို ရရှိလာမှာပါ။ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်မြင်တွေ့ရပြီး သူ အခု လုပ်ဆောင်နိုင်တာတွေထက်ကို ပိုမိုစွမ်းဆောင်နိုင်လိမ့်မယ်ဆိုတာ သေချာနေပါတယ်။ ဟာဇက်မှာ အရာအားလုံး ရှိနေတယ်။ အရည်အသွေးတွေ တွန်းအားတွေ အကုန်ရှိတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ နည်းပြက ကစားသမားတစ်ဦးကို အသုံးပြုဖို့ စဉ်းစားနေချိန်မှာဆိုရင် အခုလိုပဲ ဖြစ်လာတတ်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။