မျှော်လင့်ချက်ပေါင်းများစွာနဲ့ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ဦး ဖြစ်လာမယ့်သူလို့ သတ်မှတ်ခံ ယူဆခံထားရတဲ့ အီဒင်ဟာဇက်ဟာ မှန်းချက်နဲ့မကိုက်လောက်အောင် မက်ဒရစ်ကို စတင်ခြေချလိုက်ကတည်းက ဒဏ်ရာကျိန်စာတွေကနေ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် အသင်းအတွက် ကစားခွင့်ရခဲ့တဲ့ ပွဲတချို့မှာလည်း ဒဏ်ရာတွေရဲ့နှိပ်စက်မှုကြောင့် အရင်လိုခြေစွမ်းမျိုးတွေ ပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : En24 News

ကစားသမားတစ်ယောက်ဟာ အသင်းသစ်နဲ့ ပထမဘောလုံးရာသီမှာ မြန်မြန်အထိုင်ချဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါက ဘောလုံးလောကအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်သလို တချို့ကစားသမားတွေကလည်း ကံဆိုးလွန်းလို့ အသင်းသစ်နဲ့ ပွဲဦးထွက်ရာသီမှာပဲ ဒဏ်ရာအနာတရတွေကြောင့် ကောင်းကောင်းမကစားနိုင်ရတာမျိုး ဖြစ်တတ်ကြပါတယ်။ ဟာဇက်က ဒီအတိုင်းလို ဖြစ်နေခဲ့တာပါ။ ဟာဇက်က ဒီရာသီမှာ အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားရသေးခြင်းမရှိပဲ ညာခြေထောက်ကြွက်သား ဒဏ်ရာကြောင့် ဒီလအတွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် ဘာစီလိုနာအသင်းနဲ့ အယ်ဂလက်စီကိုဒါဘီပွဲအထိပါ လွဲချော်ရဖွယ်တောင် ရှိလာနိုင်ပါတယ်။

Photo Credit : El Comercio Peru

အခုလို ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရတဲ့ ဘယ်ဂျီယံနဲ့ ရီးရဲလ်အသင်းဖော်ဟာဇက်ရဲ့အကြောင်းတွေကို ဂိုးသမားကော်တွိုက်စ်က “ဟာဇက်က အခုအချိန်မှာ အနည်းငယ်ဝမ်းနည်းလို့နေတယ်။ သူက လေ့ကျင့်ခန်းတွေကို အကောင်းဆုံးဆင်းထားနိုင်တယ်။ ဒီလို လေ့ကျင့်ခန်းကောင်းကောင်းဆင်းထားပြီးမှ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာက ဆုတ်ယုတ်မှုဖြစ်စေရတယ်။ အခုဒဏ်ရာက ခြေချင်းဝတ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူမကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်မိတယ်။ သူကိုယ်တိုင်ကလည်း အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ အတော်လေးကို ကြိုးပမ်းလို့နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းကတော့ ဟာဇက်အနေနဲ့ လက်ရှိမှာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း သိပ်မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့သလို ဟာဇက်က အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို အရမ်းမဆင်းနိုင်သေးပေမယ့်လည်း ပုံမှန်တော့ လုပ်ဆောင်နေပြီး ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။