စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ဖြစ်သူ အီဒင်ဟာဇက်ကတော့ သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာတွေကြောင့် ယခင်လို အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိဖို့ မလွယ်ကူတော့ကြောင်း ဝန်ခံစကား ဆိုသွားပါတယ်။ အသက် ၃၀အရွယ် ဘယ်လ်ဂျီယံအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဟာဇက်ဟာ အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာပြီးနောက်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ် အသင်းထံ ရောက်ရှိခဲ့တဲ့ ၂နှစ် အတွင်းမှာ ဟာဇက်ဟာ ခြေကျင်းဝတ် တနေရာထဲမှာ ဒဏ်ရာ ၃ကြိမ်အထိ ရရှိခဲ့သလို သူ့ရဲ့ ပေါင်ခြံဒဏ်ရာနဲ့ ကျောဒဏ်ရာတို့ကြောင့်လည်း လက်ရှိ အချိန်အထိ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ ရုန်းကန်နေရပါတယ်။ ဟာဇက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ၈၈၆မိနစ်သာ ကစားခဲ့ရပြီး သွင်းဂိုး ၄ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ရှိခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေ သာမက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကပါ ဟာဇက်ဟာ အသင်းရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ခေါ်ယူမှု ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။ ဟာဇက်ကတော့ သူဟာ လက်ရှိမှာ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြဖို့ ခက်ခဲနေကြောင်း ဝန်ခံသွားခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုတွေဟာ ဒဏ်ရာပြဿနာတွေကြောင့် ဖြစ်ကြောင်း ပြောပြသွားပါတယ်။

Photo Credit: AS English

သူ့ရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပတ်သတ်ပြီး ဟာဇက်က – “ကျွန်တော့်ရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သတ်ပြီး တခါမှ သံသယ မဝင်ဖူးပါဘူး။ ဘောလုံးကွင်းထဲမှာ ကျွန်တော် ဘာတွေ လုပ်နိုင်လဲ ဆိုတာ ကျွန်တော် သေချာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခြေကျင်းဝတ်ကတော့ ဟိုးအရင် ၁၀နှစ်တုန်းကလို ပြန်ကောင်းပါ့မလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါက ဘဝပါပဲ” လို့ ပြောကြားခဲ့တာပါ။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိနေစဉ်က ခြေကျင်းဝတ်ဒဏ်ရာ ၃ကြိမ် အထိ ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဆရာဝန်တွေ ကတော့ ဟာဇက်ဆီမှာ ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေတာဟာ ချယ်လ်ဆီးအသင်းမှာ ကစားစဉ်က ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိပဲ ပွဲပေါင်းများစွာ ပါဝင် ကစားပေးခဲ့ခြင်းရဲ့ အကျိုးဆက် ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့ပါတယ်။