MySport Myanmar

ရီးရဲလ်က သူ့ကို မလိုချင်တော့ရင် ထွက်သွားပေးဖို့ အသင့်ပါပဲ ဆိုတဲ့ ဟာဇက်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ အီဒင် ဟာဇက်ကတော့ ရီးရဲလ်မက်ဒရစ်ကသာ သူ့ကို မလိုချင်တော့ရင် အသင်းကနေ ထွက်သွားပေးဖို့ အသင့်ပါပဲလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်က ၂၀၁၉ခုနှစ်မှာ ချယ်လ်ဆီး ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်မှာတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Goal

ဟာဇက်က ချယ်လ်ဆီးမှာ ကစားနေစဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာချိန်မှာတော့ ထင်ထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့သလို အသင်းအတွက် ၃နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၇၂ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

ဒါကြောင့်ပဲ စပိန်သတင်းထောက်တွေက ရီးရဲလ်မက်ဒရစ်အနေနဲ့ ဟာဇက်ကို အသင်းကနေ ရောင်းထုတ်လိုက်သင့်ပြီလို့ တိုက်တွန်း အကြံပေးနေကြပြီး ဟာဇက်ကတော့ အကယ်၍ ရီးရဲလ်မက်ဒရစ်ကသာ သူ့ကို အသင်းကနေ ထွက်သွားစေချင်ရင် အသင်းကနေ ထွက်သွားပေးဖို့ အဆင်သင့်ပါပဲလို့ ဆိုလာပါတယ်။

Photo Credit: Goal

ဟာဇက်က – “ကျွန်တော်က ဇန်နဝါရီမှာတော့ အသင်းပြောင်းဖို့ စိတ်ကူးမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ မိသားစုက မက်ဒရစ်မြို့မှာ ရှိနေသလို ကျွန်တော်ကလည်း မက်ဒရစ်မြို့ကို သဘောကျလို့ပါ။ ဒါပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ ကျွန်တော်က အသင်းကနေ ထွက်သွားနိုင်ပါတယ်။ တကယ်လို့ အသင်းကသာ “အီဒင်ရေ ငါတို့က ဒီ၄နှစ်တာ ကာလအတွက် မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုတော့ မင်းက အသင်းကနေ ထွက်သွားရမယ်” လို့ ပြောလာရင် ကျွန်တော်က လက်ခံပြီး ထွက်သွားပေးဖို့ အဆင်သင့်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ဘောလုံးလောကမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခု ဖြစ်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်က ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးချင်ပါသေးတယ်။ ပြီးတော့ ကျွန်တော်က ကစားသမားကောင်း တယောက် ဆိုတာ ဒီနေရာမှာ သက်သေပြချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version