ရီးယဲလ်မက်ဒရစ်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အီဒင်ဟာဇက်က သူ့အနေနဲ့ အခုလို ကစားခွင့်တွေ နည်းပါးနေရပေမယ့်လည်း အသင်းကနေ ထွက်ခွာမသွားချင်ကြောင်းနဲ့ ပုံမှန်နေရာတွေ ပြန်ရလာအောင်သာ ကြိုးစားသွားချင်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Image

Photo Credit : Twitter

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အတော်လေးကို ထွန်းတောက်ခဲ့တဲ့ စူပါစတား ကစားသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာပဲ ယူရိုသန်း(၁၅၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဟာဇက်အတွက် တကယ့်ကို ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ရပေမယ့်လည်း မက်ဒရစ်မှာ သူရဲ့ တောက်ပမှုတွေကို ပိုမို တောက်ပလာအောင် မလုပ်ဆောင်ပဲ ဒဏ်ရာပြသာနာများစွာနဲ့သာ လုံးပန်းနေခဲ့ရရင်းနဲ့ သူရဲ့ကစားသမားဘဝကို ဒုက္ခရောက်သွားခဲ့ရပါတယ်။

Photo Credit : Football Espana

ရီးယဲလ်ကစားသမားဘဝ (၃)နှစ်ခွဲအတွင်းမှာ ဒဏ်ရာပြသာနာများစွာကြောင့် ရီးယဲလ်အသင်းရဲ့ ပွဲစဉ်ပေါင်း (၇၂)ပွဲအထိတောင်ပင် လွဲချော်ထားခဲ့ရတဲ့ ဟာဇက်ကို ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီက အသင်းမှာ နေရာပေးဖို့ထက် ဗင်နီစီယပ်စ် ရိုဒရီဂိုတို့ကိုသာ ပိုမို နေရာပေးသလို ဒီရာသီမှာလည်း ဟာဇက်က ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားခွင့်ရထားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ဟာဇက်က “ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းကနေ မထွက်ခွာချင်ပါဘူး။ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော်ရဲ့ အခြေအနေတွေက ပြောင်းလဲလာနိုင်ပါတယ်။ ကျွန်တော် ပါဝင်ကစားချင်ပေမယ့် နည်းပြကတော့ သူ့ရွေးချယ်မှုအတိုင်းပဲ ကစားစေမှာပါ။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုထက်ပိုပြီး ကစားဖို့ ထိုက်တန်ကြောင်း သူ့ကို ပြသချင်ပါတယ်။ ကစားသမားတွေအနေနဲ့ အသင်းအတွက် ပါဝင်ကစားခွင့် မရတဲ့အခါမျိုးမှာ ခက်ခဲရနိုင်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ လတ်တလောမှာတော့ ရီးယဲလ်ဘက်က ဟာဇက်ကို ရောင်းချသွားချင်နေသလို ဟာဇက်ကိုလည်း နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။