ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ရီးရဲလ်နဲ့ ဂရန်နာဒါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ အသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်လာခဲ့ရပေမယ့်လည်း သူ့ကို အသင်းနည်းပြ ဇီဒန်းက အသင်းအတွက် ထည့်သွင်းအသုံးခြင်းမရှိခဲ့ပဲ အရန်ခုံမှာသာ ပွဲချိန်ပြည့်ထားခဲ့ပါတယ်။ ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီး ဇီဒန်းက သူရဲ့ကစားသမားဟာဇက်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာခါစမှာ အရမ်းခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ မကစားစေချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ချယ်လ်ဆီးကနေ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာနဲ့ အလူးအလဲကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း အသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲကိုသာ ပါဝင်ကစားထားနိုင်ခဲ့ရပါတယ်။ အခုလည်း ဟာဇက်ဟာ ကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ ဂရန်နာဒါနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းရဲ့ အရန်လူစာရင်းထဲ ပြန်လည်ပါဝင်လာခဲ့ပေမယ့် နည်းပြဇီဒန်းကတော့ ဒီပွဲအတွင်းမှာ ဟာဇက်ကို လုံးဝအသုံးပြုခြင်းမရှိခဲ့ပဲ အရန်ခုံမှာပဲ ပွဲချိန်ပြည့်ထားသွားခဲ့ပါတယ်။

Photo Credit : Atalayar

ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့ ဇီဒန်းက “ဒီပွဲမှာ ဟာဇက်ကို ထည့်သုံးဖို့အတွက်ဆိုရင် မှန်ကန်မှု မရှိဘူးလို့ ကျွန်တော်ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက အရမ်းကို ခက်ခဲလှတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေလို့ပါ။ သူ့အတွက် တကယ့်ကို အချိန်အခါကောင်းမှသာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုပွဲမျိုးမှာ ထည့်သွင်းပြီး ထပ်ပြီးထိခိုက်မှုတွေ ဖြစ်သွားမှာကိုလည်း ကျွန်တော်မလိုလားပါဘူး။ နောက်ဆို တဖြည်းဖြည်းနဲ့ အသင်းအတွက် သူပြန်လည်ကစားပေးနိုင်တော့မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်အသင်းကို ယူရို(၁၁၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟာဇက်ဟာ ရီးရဲလ်မှာတော့ ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက်လည်း ပွဲအများစုကို လွဲချော်ထားခဲ့ရပါတယ်။ အခုလက်ရှိမှာကတော့ စပိန်လာလီဂါက ခရစ္စမတ်အားလပ်ရက် ရရှိနေတာမို့ လာမယ့်ဒီဇင်ဘာ(၃၀)ရက်နေ့မှပဲ လာလီဂါပွဲစဉ်အဖြစ် အယ်ချီအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မှာတော့ ဟာဇက်က အသင်းအတွက် ပြန်လည်ပါဝင်ကစားရနိုင်ဖွယ် ရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ ဂရန်နာဒါနဲ့ ပွဲစဉ်မှာတော့ အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ရိုဒရီဂို ဒဏ်ရာရရှိသွားခဲ့တာကြောင့် ရက်အနည်းငယ်လောက် အနားယူရဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။