စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်တဲ့ ကော်တိုရစ်ကတော့ မဟာပြိုင်ဘ​က် ဘာစီလိုနာ အသင်းကို ကျော်ဖြတ်ကာ ယခုနှစ် ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံဆုကို ရယူဖို့အတွက် ဟာဇက်ရဲ့ အကူအညီကို ရရှိဖို့ လိုအပ်တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် နှစ်ဦးဖြစ်တဲ့ ကော်တိုရစ်နဲ့ ဟာဇက်တို့ဟာ ရင်းနှီးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ကြပြီး ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံကို စိတ်တူကိုယ်တူ ပြောင်းရွှေ့ခဲ့ကြတဲ့ ကစားသမားတွေလည်း ဖြစ်ကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ကော်တိုရစ်နဲ့ ဟာဇက်တို့ရဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမားဘဝအစတွေဟာ ခက်ခဲ ကြမ်းတမ်းခဲ့ပြီး ကော်တိုရစ်ဟာ ဟာဇက်ထက် တစ်နှစ်စောပြီး ရီးရဲလ်မက်ဒရစ် အသင်းထံကို ရောက်ရှိခဲ့ပေမယ့် ရောက်ရှိကာစမှာ လက်စွမ်းကောင်းတွေ မပြသနိုင်တာကြောင့် အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းအတွက် လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့သူပါ။ ဟာဇက် ကတော့ ရီးရဲလ်မက်ဒရစ် အသင်းထံကို လက်ရှိ ဘောလုံးရာသီ အစကမှ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့ချိန်မှာ အဝလွန်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့အပြီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပဲ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာမှာ ၁ဂိုးသာ သွင်းယူပေး ထားနိုင်ခဲ့ကာ ၅ဂိုးဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Standard

ကော်တိုရစ်ကတော့ ဟာဇက်ရဲ့ အကောင်းဆုံး ခြေစွမ်းတွေဟာ မကြာခင်မှာ ပြန်လည် ရရှိလာလိမ့်မယ်လို့ ယူဆနေပြီး ဟာဇက်ရဲ့ ခြေစွမ်းတွေကို သူတို့အသင်းက လိုအပ်တယ်လို့ ဖွင့်ဟ ပြောဆိုသွားပါတယ်။ Movistar သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကော်တိုရစ်က ” ဟာဇက်က အဆင်ပြေနေပါတယ်။ သူဟာ အသင်းမှာ အသားကျဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ တိုးတက်လာခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ပွဲတွေ ကစားခွင့် မပေးပဲနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို မြင်ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်အထင်မှာတော့ သူဟာ ပုံစံကောင်းတစ်ခုမှာ ရနေပြီလို့ ထင်မြင်ပါတယ်။ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ့်အချိန်မှာ ကျွန်တော်တို့ဟာ သူ့ကို လိုအပ်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။