စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ကတော့ ၂၀၂၂ခုနှစ် အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို အသင်းဖော် တိုက်စစ်မှူး ကာရင် ဘန်ဇီမာသာ ရရှိလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ESPN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင် ဟာဇက်က ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရကာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်း တရပ် ပြသနိုင်ခဲ့ခြင်း မရှိပေမယ့် အသင်းဖော်တွေနဲ့ အတော်လေးကို ဆက်ဆံရေး ပြေလည်သူ တဦးပါ။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၄နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ ၄၄ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းကိုလည်း လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ အရယူနိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ကာရင် ဘန်ဇီမာက ၂၀၂၂ခုနှစ် အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ဘန်ဇီမာရဲ့ ကလပ်အသင်းဖော် ဟာဇက်ကလည်း ယခုနှစ်ရဲ့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူဟာ ဘန်ဇီမာ တဦးထဲသာ ရှိကြောင်းနဲ့ ဘန်ဇီမာကသာ ရွှေဘောလုံးဆုကို ရသွားမယ် ဆိုတဲ့ သံသယဝင်စရာ မလိုကြောင်း ESPN သတင်းဌာနက ပြောပြသွားခဲ့ပါတယ်။

Photo Credit: Goal

ဟာဇက်က – “ကျွန်တော်ကတော့ ရွှေဘောလုံးဆုကို ဘန်ဇီမာပဲ ရသင့်တယ်လို့ မြင်ပါတယ်။ ဒီအတွက် သံသယဝင်စရာလည်း လိုမယ် မထင်ပါဘူး။ ကျွန်တော်က ဒီတရာသီထဲကို ကြည့်ပြီး သူဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တာလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို ကြည့်ပြီး သူဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ ယုံကြည်တာပါ။ ခင်ဗျားတို့ သူ့ရဲ့ ၁၅နှစ်တာ ကစားသမား ဘဝကို ကြည့်လိုက်လေ။ သူက ၁၅နှစ်လုံးလုံး ထိပ်တန်းအဆင့်မှာ ရပ်တည်လာခဲ့တဲ့သူပါ။ လူတွေကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူက ဂိုးတွေ ပိုသွင်းနိုင်လို့ ရွှေဘောလုံးဆု ရစေချင်တာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘန်ဇီမာဟာ လွန်ခဲ့တဲ့ ၅နှစ်လောက်ထဲက ရွှေဘောလုံးဆုကို ရခဲ့သင့်တယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။