စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမားဖြစ်သူ ဟာဇက်ဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ အသင်းဟာ ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေနဲ့ စကားပြောကာ ရယ်မောမိတဲ့ ဖြစ်ရပ်အတွက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အိမ်ရှင် ချယ်လ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Metro

အသက် ၃၀အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် အီဒင် ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ခုနှစ် ကနေ ၂၀၁၉ခုနှစ် အထိ ကစားခဲ့ပြီး အောင်မြင်မှု များစွာကို ရယူနိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်ကာ ၂၀၁၉ခုနှစ်မှာမှ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခဲ့သူပါ။ ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ ဟာဇက်က သူ့ရဲ့ အသင်းဖော်ဟောင်းတွေနဲ့ စကားပြောဆိုခဲ့တာ ဖြစ်ပြီး ဟာဇက်ရဲ့ စကားပြောဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ စာမျက်နှာတွေပေါ်မှာ တက်လာကာ အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာ ဟာဇက်ဟာ ရယ်မောနေတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေက ဟာဇက်ကို ဒေါသထွက်နေကြပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ ဟာဇက်က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပြီး သူဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အောင်မြင်မှုတွေ ရရှိလိုတာကြောင့် ပြောင်းရွှေ့လာတာ ဖြစ်ကြောင်း ကတိပေးသွားခဲ့ပါတယ်။ ဟာဇက်က – “ကျွန်တော် ဒီကိစ္စအတွက် စိတ်မကောင်းပါဘူး။ ဒီဖြစ်ရပ် (ရယ်မောမိတဲ့ ဖြစ်ရပ်)နဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို ကျွန်တော် ဖတ်မိပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကို အပြစ်ပြုမိဖို့ ကျွန်တော့်ဘက်က မရည်ရွယ်ပါဘူး။ ကျွန်တော့်ရဲ့ အိမ်မက် ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကစားရဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်က ဆုဖလားတွေ ရယူဖို့ အတွက် ဒီနေရာကို ရောက်လာခဲ့တာပါ။ ဒီရာသီက မပြီးသေးပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ အခုချိန်မှာ လာလီဂါ ဆုဖလားအတွက် တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြား သွားခဲ့တာပါ။