စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဟာဇက်ဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အလာဗက်အသင်း တို့ ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် ရက်အနည်းငယ် ကြာအောင် အနားယူရဖွယ် ရှိကြောင်း သိရှိ ရပါတယ်။ အသက် ၂၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဟာဇက်ဟာ ၂၀၁၉ခုနှစ် ဇူလိုင်လကမှ ချယ်လ်ဆီးအသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူ တစ်ဦးဖြစ်ပြီး အသင်းထံ ရောက်ရှိတာ နှစ်ရာသီ နီးပါး ရှိနေပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန် နေရသလို အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ဖို့ ကြိုးစားနေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ရောက်ရှိအပြီးမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲသာ ပါဝင် ကစားပေးထား နိုင်သလို သွင်းဂိုး ၃ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ်သာ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက အလာဗက်အသင်းကို အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဟာဇက်ဟာ အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင် ကစားခဲ့ပေမယ့် ပွဲကစားချိန် ၂၈မိနစ် အရောက်မှာတော့ ကြွက်သားဒဏ်ရာကြောင့် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ လူစားလဲခဲ့ ရပါတယ်။ ဟာဇက် ထွက်ခွာ သွားပြီးနောက် မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်အားဟာ ကျဆင်းသွားခဲ့သလို ပွဲအစပိုင်းမှာ ခွင့်ပြုပေးခဲ့ရတဲ့ ပင်နယ်တီသွင်းဂိုး ၊ ဂိုးသမား ကော်တိုရစ်ရဲ့ အမှားကနေ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် အလာဗက်အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ ရပါတယ်။

Photo Credit: Marca

အဆိုပါ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ လာလီဂါပြိုင်ပွဲမှာ ၁၀ပွဲ ကစား ၅ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၄ နေရာအထိ ရောက်ရှိနေပြီး ဆီဗီလား အသင်းကသာ လက်ကျန် ပွဲတစ်ပွဲကို အနိုင် ရရှိသွားရင် အဆင့်၅ နေရာအထိ ဆင်းပေးရမှာပါ။ လက်ရှိ အချိန်မှာတော့ ရလဒ်ဆိုး တချို့ကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းအပေါ် ဖိအားတချို့ ကျရောက်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ရမှတ် ၃မှတ် ထပ်မံ စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။ စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက် အရ ဟာဇက်ဟာ အလာဗက်အသင်းနဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် လာမယ့် အင်္ဂါနေ့မှာ ကစားမယ့် ရှက်တာဒိုးနက် အသင်းနဲ့ ပွဲစဉ်မှာတော့ ပါဝင် ကစားပေးနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။