ချယ်လ်ဆီး အမျိုးသမီးအသင်းရဲ့ နည်းပြဖြစ်သူ အမ်မာ ဟေးဟက်စ်က အခုနှစ် ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ အသင်းက မထွက်ခွာခင်မှာ အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးသွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံသူ ဟေးယက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး ချယ်လ်ဆီးအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်လို့ အသင်းမှာ ဆယ်စုနှစ်တစ်ခုအထိ တာဝန်ယူထားနိုင်ပြီ ဖြစ်ပေမယ့်လည်း လာမယ့်နှစ်မှာတော့ အမေရိကန် အမျိုးသမီးအသင်းကို ပြောင်းလဲ ကိုင်တွယ်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : The Athletic
ဟေးယက်စ်က ချယ်လ်ဆီးအသင်းကို ပွဲပေါင်း (၃၀၀)ကျော်အထိ ကိုင်တွယ်ထားခဲ့တာဖြစ်ပြီး အမှတ်ပေးဖလား (၆)ကြိမ် အက်ဖ်အေဖလား (၅)ကြိမ် လိဂ်ဖလား (၂)ကြိမ်ထိ ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း ဖီဖာရဲ့ အကောင်းဆုံး နည်းပြဆုကိုပါ ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးဖို့တော့ လိုအပ်နေဆဲ ဖြစ်နေပါတယ်။
ဟေးယက်စ်ရဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အအောင်မြင်ဆုံး အောင်မြင်မှုအဖြစ် ၂၀၂၁ခုနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဖိုင်နယ်မှာတော့ ဘာစီလိုနာကို ဂိုးပြတ်ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
Photo Credit : Livescore
လက်ရှိမှာ နည်းပြ ဟေးဟက်စ်က ချယ်လ်ဆီးအသင်းနဲ့လည်း လက်တွဲဖြုတ်ရတော့မှာဖြစ်လို့ သူရဲ့ နောက်ဆုံးရာသီမှာ ချယ်လ်ဆီးအတွက် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ သူ့အတွက်ရော အသင်းအတွက်ပါ အချိုမြိန်ဆုံး အဆုံးသတ် ဖြစ်သွားလိမ့်မယ်လို့ ဟေးယက်စ် ကိုယ်တိုင်က ဆိုထားခဲ့ပါတယ်။
လက်ရှိရာသီမှာလည်း ချယ်လ်ဆီး အမျိုးသမီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကိုယ်စားပြု ပါဝင်နေရတဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေပြီး ဒီကနေ့ညမှာပဲ ရီးယဲလ်အမျိုးသမီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။