ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘယ်လ်ဂျီယံကလပ် စတန်းဒက် လီဂီမှာ ကစားနေတဲ့ အိုင်ဆက် ဟေးဒန်က ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ဟောင်း ရိုနယ်ဒိုဟာ မကြာသေးမီကမှ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရထားတဲ့ လီယွန်နယ် မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့က ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်ကြသလို နှစ်ဦးစလုံးက တခေတ်ထဲမှာ နာမည်ကျော်လာသူတွေပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ သူတို့နှစ်ဦးက ဆယ်စုနှစ် တစုကျော်ကြာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ် အတွက် ပြိုင်ဆိုင်ခဲ့ကြပြီး ရိုနယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ် ရရှိခဲ့ဖူးသလို လီယွန်နယ် မက်ဆီကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၈ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီက ရိုနယ်ဒိုထက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၃ကြိမ် ပိုရဖူးသလို ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ တချို့က မက်ဆီဟာ ရိုနယ်ဒိုထက် ပိုကောင်းတဲ့ ကစားသမား ဆိုတာကို သက်သေပြပြီးပြီလို့ ပြောနေကြပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဟေးဒန်ကတော့ ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ စတဲ့ ဥရောပရဲ့ ထိပ်သီးလိဂ် ၃ခုစလုံးမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာလီဂါနဲ့ လီဂူးဝမ်း စတဲ့ ပြိုင်ပွဲ ၂ခုမှာသာ ကစားဖူးတဲ့ လီယွန်နယ် မက်ဆီထက် ပိုကောင်းတယ်လို့ ဆိုလာပါတယ်။

ဟေးဒန်က – “ရိုနယ်ဒိုဟာ လီယွန်နယ် မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားပါ။ ရိုနယ်ဒိုက အင်္ဂလန် ၊ အီတလီနဲ့ စပိန်တို့မှာ ကစားခဲ့ဖူးသလို ပြိုင်ပွဲတိုင်းမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူက ချန်ပီယံလိဂ် ဆုဖလား ၅ကြိမ်ကိုပါ ရယူနိုင်ခဲ့တာပါ။ မက်ဆီကတော့ သူ့ရဲ့ ကစားသမားဘဝ တခုလုံးကို ဘာစီလိုနာမှာပဲ ဖြတ်သန်းခဲ့တာပါ။ သူက ပြင်သစ်ကို သွားခဲ့ပေမယ့် ပြင်သစ်လီဂူးဝမ်းက ဥရောပရဲ့ ထိပ်ဆုံးလိဂ် ၅ခုထဲမှာ မပါပါဘူး” လို့ ချက်ကျလက်ကျ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။